ဝန်ထမ်းဆိုသည်မှာ တိုင်းပြည်ကိုဝန်ပိအောင်လုပ်ရန်မဟုတ်ဟု အတိုင်ပင်ခံဆို

ဝန်ထမ်းဆိုသည်မှာ တိုင်းပြည်ကိုဝန်ပိအောင်လုပ်ရန်မဟုတ်ဟု အတိုင်ပင်ခံဆို
ဓာတ်ပုံ - Myanmar State Counsellor Office

ရန်ကုန်၊ ဇန်နဝါရီ ၂၁ ။          ။ နိုင်ငံ့ဝန်ထမ်းဆိုသည်မှာ နိုင်ငံ့တာဝန်ထမ်းဆောင်ရန်သာဖြစ်ပြီး နိုင်ငံတော်မှာဝန်ပိအောင်လုပ်ရန်မဟုတ်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကပြောဆိုလိုက်သည်။

ချင်းပြည်နယ်သို့ရောက်ရှိနေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသခံပြည်သူ များ ဇန်နဝါရီ ၂၁ ရက်နေ့တွင် တွေ့ဆုံစဉ်ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“ ကျွန်မတို့ ရဲ့အသုံးအနူန်းကိုကြည့် နိုင်ငံဝန်ထမ်း၊ နိုင်ငံရဲ့ဝန်တွေကိုထမ်းဖို့ နိုင်ငံတော်မှာ ဝန်ပိအောင် လုပ်ဖို့ မဟုတ်ပါဘူးဆိုတာကို ဝန်ထမ်းတွေက သဘောပေါက်ဖို့ကအရေးကြီးပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည် ကဆိုသည်။

ထို့အပြင် ဝန်ထမ်းများဖြင့်ဖွဲ့စည်းထားသော အစိုးရမှာလည်း တိုင်းပြည်ကိုအုပ်ချုပ်ရန်မဟုတ်ဘဲ၊ တိုင်းပြည် တာဝန်ကို ထမ်းဆောင်ရန်သာဖြစ်ကြောင်း ၄င်းကဆက်လက်ဆိုသည်။ အစိုးရတစ်ခုအနေဖြင့် နိုင်ငံ၏ ရေရှည် အနာဂတ်ကိုစဉ်းစားကာ လက်တွေ့အချိန်တွင် ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရမည်ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်ကထည့်သွင်းပြောဆိုခဲ့သည်။

“ ရွေးကောက်ပွဲအတွက်မဟုတ်ဘူး။ နောင်မျိုးဆက်တွေ တစ်ဆက်ပြီးတစ်ဆက်အတွက်  စဉ်းစားပြီးလုပ်ရ မှာဖြစ်ပါတယ်။ ဘာလို့အရေးကြီးလဲဆိုတော့ ကျွန်မတို့နိုင်ငံကပြည်ထောင်စုပါ” ဟု ၄င်းကဆိုသည်။

အလားတူ ပြည်သူများအနေဖြင့်လည်း မွေးရာပါအခွင့်အရေးများရှိသလို ပါလာသည့်တာဝန်များကိုလည်း ကျေပွန်အောင်ထမ်းဆောင်ရန်လိုအပ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်ကပြောဆိုခဲ့သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သော ဒေါ်အောင်ဆန်းကြည်စု၏ ဇန်နဝါရီ ၂၁ရက်နေ့ ချင်းပြည်နယ်ခရီးစဉ်တွင် ထန်တလန်၊ တီးတိန်၊ ဖလမ်း မြို့များသို့ ရဟတ်ယဉ်ဖြင့်သွားရောက်ကာ လူထုနှင့် တွေ့ဆုံမှုများ ပြုလုပ် ခဲ့သည်။

အဆိုပါ ချင်းပြည်နယ်ခရီးစဉ်၏ အရှေ့တွင် အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကချင်ပြည်နယ်သို့သွားရောက်ပြီး ကချင်မနောပွဲသို့ တက်ရောက်ခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly