မြန်မာပြည် မြောက်ဖျား - (၇)

မြန်မာပြည် မြောက်ဖျား - (၇)

ရေးချင်သည်ဖြစ်စေ၊ မရေးချင်သည်ဖြစ်စေ တာဝန်အရ ၀ါသနာအရ အများအကျိုးရှေ့ရှုပြီးရေးလိုက်ပါတော့ . .  ဆိုတော့ ရေးရတာပေါ့ဗျာ ။နောက်ထပ်ပြီး ပွဲဆူအောင် နှိုးဆော်လိုက်တော့လည်း မရေးမဖြစ် ရေးလိုက်ရပါတော့တယ် ။ လွန်ခဲ့တဲ့လတွေတုန်းက ကျွန်တော့ရဲ့ အခန်းဆက်ဆောင်းပါးဖြစ်တဲ့ မြန်မာပြည်မြောက်ဖျားအပိုင်း (၆) ရဲ့ အဆက် ပေါ့ဗျာ ။ အပိုင်း ( ၁ ) ကတော့ ပူတာအိုကစပြီး မြစ်ကြီးနားရောက် ၊ တစ်ခါ အပိုင်း (၃ )ကစပြီး မြစ်ကြီးနားကမှ ရန်ကုန်ပြန်ရောက်ပြီးအတွေးတွေ ဗလပွနဲ့ ပြီးဆုံးပေါ့ဗျာ ။ ဧရာဝတီရဲ့ မြစ်ဆုံဆိုတော့ တော်တော်ကိုသတိထားရေးရပါတယ် ။ စာရေးတယ်ဆိုတာ ကလည်း နွားနောက်က လှည်းဘီးရာလိုက်သလို မှားရင် သမိုင်းအမှား၊ မှတ်တမ်းအမှားကြီးဖြစ်ကာ လူတွေရှုံ့ချတာခံရပြီး၊ မှန်ရင် သမိုင်းအမှန်၊ မှတ်တမ်းအမှန်အဖြစ် နောင်မျိုးဆက်တွေ အသုံးတည့်မှာ ဖြစ်ပါတယ် ။ ဒါကြောင့်ပဲ ကျွန်တော်ဟာ စာတွေပြန်ဖတ်နေရတာဖြစ်လို့ အချိန်ကလည်းမတန်သေးလို့ နိဂုံးမချုပ်သေးတာပဲ ဖြစ်ပါတယ်။ နောက်တစ်ခါ စာဆိုတာဆုံးအောင်ဖတ်ပါမှ ဆုံးအောင်ဖတ်ပြီးတွေးနိုင်ပါမှ စဉ်းစားနိုင်ပါမှ ဆိုလိုရင်းကိုသဘောမိသွားတာပဲ မဟုတ်ပါလား။

အပိုင်း ( ၆ ) မှာတုံးက ကျွန်တော်ဟာရပ်နားထားတဲ့ မြစ်ဆုံစီမံကိန်းအထဲကို ဝင်ခွင့်ရခဲ့တယ် ဆိုတဲ့ အကြောင်းရေးထားပြီး ခုအဲဒီအပိုင်းကို ပြန်ဆက်ပါ့မယ် ။ ဝင်ခွင့်ရခဲ့တယ်ဆိုပေမယ့်လည်း တစ်စိတ်တစ်ဒေသသာ ဖြစ်ပါတယ် ။ စားသောက်ဆိုင်တွေရှိတဲ့ မြစ်ဆုံဖက်ခြမ်းကနေ လှမ်းကြည့်လိုက်ရင် မေခမြစ်ရဲ့ တစ်ဖက်ကမ်းမှာ စီမံကိန်းဧရိယာတစ်ခုကိုတော့ ကျွန်တော် မရောက်ခဲ့ဘဲ ဓာတ်ပုံလောက်သာ လှမ်းရိုက်နိုင်ခဲ့ပါတယ် ။ ကျွန်တော်သွားချင်ကြောင်း ပြောတဲ့အခါမှာတော့ အဲဒီဖက်ကိုသွားတဲ့ ကားလမ်းမရှိသလို တံတားလည်းမရှိကြောင်းပြောပါတယ်။ အချိန်ကလည်း မလုံလောက်တော့ စက်တပ်လှေနဲ့ လည်းမသွားဖြစ်ခဲ့ပါဘူး။ ဒါကြောင့် နေမညိုခင် မြစ်ဆုံစီမံကိန်းဆိုက်ထဲကိုရောက်၊ လေ့လာမေးမြန်း၊ ဓာတ်ပုံတွေရိုက်၊ ဗီဒီယိုရုပ်ကတ်တွေ ရိုက်ပေါ့။

အဲဒီကနေမှ မြစ်ဆုံစီမံကိန်းဧရိယာထဲကို ရောက်လာပါတော့တယ် ၊ ရာသီဥတုကလည်း ပထမတစ်ခေါက်ကလို မဟုတ်တော့ပဲ ညနေပိုင်း နေသာသာလေးနဲ့ အဆင်ပြေနေပါတယ် ။ တချို့နေရာတွေမှာ ဧရာဝတီမြစ်ကြီးကို တစ်ချက် တစ်ချက် လှမ်းမြင်ရလိုက် ပျောက်ကွယ်သွားလိုက်ပေါ့ဗျာ ။ အတွေးထဲမှာတော့ ခုကားစီးနေတဲ့ နေရာဟာမြစ်ဆုံစီမံကိန်းကြီးစလိုက်ရင် ၊ ပြီးသွားရင် ရေမြုပ်ဧရိယာဖြစ်သွားမှာပဲဆိုတော့၊ ကျွန်တော် ကြက်သီးမွေးညင်း ထသွားပါတော့တယ်။ မျက်စိထဲလည်းရေပြင်ကြီးကို မြင်လိုက်ရပါတယ် ။ သွားရင်းသွားရင်း အဆောက်အဦပျက်တွေ၊ စီမံကိန်းမရပ်နားခင်က ကွန်တိန်နာတွေ ပစ္စည်းတွေ မော်တော်ကားတွေ ထားတဲ့ မြေထိုးထားတဲ့ ကွင်းကြီးတွေကိုလည်း မြင်ရတာစိတ်ထဲတစ်မျိုးကြီးပါပဲ။ ခံစားရတာကတော့ စာဖတ်သူတွေလည်း ဒီနေရာကိုဒီလိုမျိုးရောက်ရင် ဒီလိုမျိုးပဲခံစားရမှာကတော့ သေချာလှပါတယ် ။ မျက်စိကလည်းဘယ်ညာကြည့်၊ ဓာတ်ပုံတွေလည်းရိုက်၊ မေးခွန်းတွေလည်းမေး၊ မျက်စိလည်းအငြိမ်မနေ၊ ပါးစပ်လည်းအငြိမ်မနေ၊ လက်ကလည်းကင်မရာနှစ်လုံးနဲ့ ။ ဒီနေရာကိုရောက်တာ ကံထူးပေစွဆိုတဲ့ စိတ်နဲ့ စာတွေလည်းရေးမယ်ပေါ့။

ကျွန်တော်နဲ့ CPI မြစ်ဆုံ မြစ်ကြီးနားတာဝန်ခံနဲ့တွေ့တော့ သူကမေး ကိုယ်ကဖြေ။ ကိုယ်ကမေး သူကဖြေနဲ့ သဘောထားမတိုက်ဆိုင်တာတွေကအများသား။မြစ်ဆုံပရော့ဂျက်နဲ့ ပတ်သက်လို့ ကျွန်တော်ကတော့ ရိုးရိုးသားသားပဲ ပြောခဲ့ပါတယ်၊ မြစ်ဆုံက မြန်မာပြည်ရဲ့ နိုင်ငံရေး ဖြစ်သွားပြီ . . လို့။ ဘယ်လိုပဲပြောပြော သူလည်းမငြင်းနိုင်တာတစ်ခုပဲရှိတယ်။ သူတို့က တရုတ်ပြည်ကွန်မြူနစ်ပါတီဝင်တွေဖြစ်တယ်၊ တချို့ကေဒါတွေတောင် ပါနိုင်ပါတယ်၊ စကားပြောလည်းအလွန်ကောင်းကြပါတယ် ၊ သူတို့နဲ့ စကားပြောတဲ့အခါ ကိုယ်ကတော့ နိုင်ငံရေးသမားအနေနဲ့ပဲပြောပါတယ်။ ကျွန်တော်ဟာ တိုင်းပြည်တိုးတက်ရေး မျက်နှာပဲ ကြည့်ပါတယ်၊ အဲဒီနေရာကနေပဲ စကားပြောမှာပါ ဆိုတဲ့တောင့်ကနေပဲ သူတို့ကိုပြောပါတယ် ။ သူတို့နဲ့စကားပြောရတာ သံခင်းတမန်ခင်းလည်းပါရ၊ ယဉ်ကျေးမှုလည်းရှိရ၊ ရပ်ကွက်ထဲစကားပြောရသလို မဟုတ်၊ လက်ဘက်ရည်ဆိုင်မှာ သူငယ်ချင်းတွေနဲ့စကားပြောသလိုမဟုတ်လို့ ထိန်းထိန်းသိမ်းသိမ်းပြောရတော့ တချို့စကားလုံးတွေဆိုချင့်ချင့်ချိန်ချိန်ပြောရပါတယ်။ စကားနည်းရန်စဲဆိုသလို၊ စကားနည်းအေးဆေး ဆိုသလို နောက်ဆုံးနိုင်ငံရေးစကားဆိုလိုက်တော့မှ စကားပြတ်သွားပြီး ယခုခရီးစဉ်ကို စတင်ခဲ့တာဖြစ်ပါတယ်။ သူတို့က ကျွန်တော်ပြောတာတွေကို သိပ်သဘောမတွေ့တာကိုတော့ နောင်ခရီးစဉ်တွေမှာ ခန့်မှန်းလို့ ရခဲ့မိပါတယ်။

ကျွန်တော် ခုဆောင်းပါးမှာအဓိက ဖော်ပြချင်တဲ့အကြောင်းကတော့ မြစ်ဆုံရေကာတာတည်ဆောက်မယ့် နေရာကို ကျွန်တော် ရောက်ရှိခဲ့တာပဲဖြစ်ပါတယ်။ မြေပုံအရကြည့်မယ်ဆိုရင် မြစ်နှစ်စင်းဆုံတဲ့ မြစ်ဆုံဒေသရဲ့ အောက်ဖက် မြစ်ကြောင်းကွေ့သွားတဲ့နေရာ တစ်ဖက်တစ်ချက်မှာ တောင်တွေရှိပါတယ်။ အဲဒီတောင်တွေ ကိုဖြတ်ပိတ်လိုက်ပြီး မေခမြစ်အခြမ်း ကျွန်တော်တို့ မြစ်ဆုံမှာတုံးက မြင်ခဲ့ရတဲ့ စီမံကိန်းဧရိယာ မှ တူးမြောင်းဖောက်လုပ်ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်မယ့် တာဘိုင်စက်ကြီးတွေ တတ်ဆင်မှာပဲဖြစ်ပါတယ်။ ကျွန်တော် ဒီနေရာကိုရောက်တဲ့အချိန်မှာတော့ အဆောက်အဦပျက်တွေနဲ့ တိတ်ဆိတ်ခြင်းက လွှမ်းမိုးလို့ နေပါတယ်။ ကျွန်တော်ဟာ ဒီနေရာကိုလာချင်နေတာ ရောက်ချင်နေတာ လွန်ခဲ့တဲ့တစ်နှစ်ကျော်ကဖြစ်လို့ ရောက်တယ် ဆိုရင်ပဲ စိမ်ပြေနပြေသွားလို့ရတဲ့နေရာတွေကို သွားခဲ့ပါတယ်။ တော်တော်ကြာကြာလည်း ကြည့်ခဲ့မေးမြန်ခဲ့ဓာတ်ပုံတွေ၊ ဗီဒီယိုရုပ်ကတ်တွေ ရိုက်ခဲ့ပါတယ်။ အချိန်ကတော့ ညနေစောင်းကလေးဆိုတော့ သာသာယာယာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်ဟာ အဲဒီရှုခင်းကြီးကို ကြည့်ရှုခံစားရင်း စိတ်နှလုံးဟာ သာယာလိုက် မသာမယာဖြစ်လိုက်နဲ့ အမျိုးမျိုးရောထွေးလို့ နေပါတော့တယ်။ စိတ်ကူးထဲမှာ ဆည်ကြီးပိတ်လိုက်တော့ ရေတွေလွှမ်းနေပြီး ရေပြင်ကြီးကို မြင်ယောင်နေပါတော့တယ်။ ရေပြင်ပေါ်မှာ အပျော်စီးသင်္ဘောလေးတွေ၊ အပျော်စီးရွက်တတ်လှေကလေးတွေ၊ ကျေးငှက်မျိုးစုံ ပျံဝဲနေတာတွေ၊ ရေကာတာကြီးရယ်၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေတဲ့ ဂျင်နရယ်တာကြီးတွေ၊ မြန်မာပြည်အနှ့ံ လျှပ်စစ်မီးရနေပြီး၊ စက်ရုံတွေ ၊ လျှပ်စစ်ရထားတွေ၊ ကျည်ဆံရထားတွေနဲ့ သာယာဝပြောတဲ့ ခေတ်မီတိုးတက်တဲ့ နိုင်ငံတော်သစ်ကြီး ဘာညာဘာညာ ဘလာဘလာပေါ့။

တစ်ဖက်ကလည်းမြေငလျင်လှုပ်လိုက်လို့ကတော့. . . ၊ သူတို့ပြောတဲ့ ရစ်ချ်တာစကေး အဆင့် ၉ အထိ ခံနိုင်တယ် ဆိုတာ ဟုတ်ပါ့မလား၊ တစ်ကယ်လို့မခံနိုင်ဘူးဆိုရင် မတွေးရဲစရာကြီး၊ အောက်ဖက်က မြို့တွေ၊ လူတွေ အကုန်ဒုက္ခလှလှကြီး ရောက်ကုန်တော့မှာပဲ . . ဘုရားဘုရား။ တိုင်းပြည်ကြီးတိုးတက်နေတာရဲ့ ပြောင်းပြန် အတိဒုက္ခရောက်သွားတဲ့ နိုင်ငံကြီးဖြစ်သွားခဲ့ရင်၊ ကမ္ဘာပေါ်ကနိုင်ငံတိုင်းလိုလိုမှာ ရေအားလျှပ်စစ်ထုတ်လုပ် နေတဲ့နိုင်ငံတွေ အများကြီးထဲမှာ အင်မတန်နည်းပါးတဲ့ ဆည်ကျိုးမှုတော့ ဖြစ်တာသိပေမယ့်၊ ကျွန်တော်တို့ နိုင်ငံမှာတော့ အဖြစ်မခံနိုင်ပါဘူး။ ကျွန်တော်တို့လူမျိုးတွေ၊ ကျွန်တော်တို့ တိုင်းရင်းသားညီအစ်ကိုတွေတော့ အဲဒီလိုအဖြစ်မခံနိုင်ပါဘူး။

မြစ်အောက်ပိုင်း ဧရာဝတီမြစ်တစ်လျှောက်မှာတော့ နွေနွေ၊ မိုးမိုး၊ ဆောင်းဆောင်း မြစ်ရေဟာ ပုံမှန်ပဲစီးဆင်းနေမှာ ဖြစ်ပါတယ် တဲ့။ ဘာလို့လည်းဆိုရင် မြစ်ဆုံဆည်ကြီးကြောင့် ရေကိုလိုသလို ထိန်းညှိပြီး ရေပိုလွှဲတွေကနေ လွှတ်ပေးလို့ပဲ ဖြစ်ပါတယ် တဲ့။ မြစ်ကြောင်းတစ်လျှောက် ငါးရှာနေကြတဲ့ ကိုတံငါတို့လည်း ငါးတွေကိုနေ့ရောညပါ ရှာစရာမလိုတော့ဘဲ မြစ်ကမ်းနဘေး မြစ်ရေထဲမှာပဲ ပိုက်တွေနဲ့ ခြံခတ်ပြီး ငါးတွေမွေးမြူလို့ရပါတယ် တဲ့။ နောက်ပြီးကမ်းပြိုတာတို့ ရေတိုက်စားတာတို့ မရှိတော့လို့ လယ်သမားတွေ မြေယာဆုံးရှုံးမှုလည်း မဖြစ်တော့ဘူးတဲ့။ တချို့နေရာတွေမှာ နုံးတင်ပေမယ့် နုံးတူးစက်နဲ့ တူးလိုက်ရင်လည်း ရေကြောင်းပြောင်းလဲမှုတွေ မဖြစ်တော့ဘူးတဲ့။ မိုးတွင်းမှာ မိုးများလို့ မိုးကြီးလို့ ရေကြီးရေလျှံလည်း မဖြစ်တော့ဘူး ဘာလို့လည်းဆိုတော့ မိုးများရင် ရေလှောင်ထားတဲ့နေရာက ရေတွေကိုလွှတ်တာ လျှော့ချလိုက်ရင် ရေလည်း အရင်ကလို မကြီးနိုင်တော့ဘူး တဲ့။ ရေအားလျှပ်စစ်ဆိုတာ ကမ္ဘာပေါ်မှာ စျေးအသက်သာဆုံးဖြစ်တော့ လျှပ်စစ်ကိုအခြေခံပြီး ထုတ်လုပ်တဲ့ ကုန်ချောပစ္စည်းတွေလည်း စျေးသက်သက်သာသာနဲ့ ထုတ်လုပ်နိုင်မှာဖြစ်လို့ နိုင်ငံတကာစျေးကွက်ကို ထိုးဖောက်နိုင်တယ် တဲ့။ နိုင်ငံတိုင်းမှာ အရေးအကြီးဆုံး အင်ဖရာစတက်ချာလို့ခေါ်တဲ့ အခြေခံအဆောက်အအုံ ကောင်းလာပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေလည်း အများကြီးဖြစ်လာမှာဆိုတော့ ရွှေပြည်တော်ကြီးဖြစ်လာမယ့် သဘော ပေါ့ဗျာ ။

ညနေလည်း တော်တော်လေးစောင်းလာပြီ၊ အမှောင်ဖက်ကိုလည်း ချင်းနင်းဝင်ရောက်လာပြီဆိုတော့ ကျွန်တော်တို့လည်း ပြန်ကြလေသတည်းပေါ့။ အပြန် ကားပေါ်ကနေ ဧရာဝတီမြစ်ကြီးရဲ့ လှပတဲ့တချို့နေရာတွေ၊ မလှမပဖြစ်သွားရတဲ့နေရာတွေ၊ မြစ်ကြီးနားမြို့ရဲ့ အလှအပတွေနဲ့ စိတ်မသက်မသာစွာ ငေးမောခဲ့ရတဲ့ စစ်ဘေးရှောင် စခန်းတွေကို အရသာမျိုးစုံခံစားရင်း တည်းခိုရာနေရာ မြစ်ဆုံဟိုတယ်ကို ရောက်လာပါတော့တယ် ။   ။ ( အပိုင်း - ၈ ဆက်ပါဦးမည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly