အဆင့်မြှင့်ပညာရေးဆိုသည်မှာ တက္ကသိုလ်ဘွဲ့ရမှမဟုတ်ဘူးဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော

အဆင့်မြှင့်ပညာရေးဆိုသည်မှာ တက္ကသိုလ်ဘွဲ့ရမှမဟုတ်ဘူးဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော

ကလေး၊ ဇန်နဝါရီ - ၂၁ ။              ။ အဆင့်မြှင့်ပညာရေးဆိုသည်မှာ တက္ကသိုလ်ဘွဲ့ရမှမဟုတ်ဘူးဟု အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ချင်းပြည်နယ် ဖလမ်းမြို့တွင် ၂၁ ရက်နေ့ကပြုလုပ်သော လူထုတွေ့ဆုံပွဲ၌ ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

"အရှေ့တိုင်းမှာဆိုရင် အထက်မြှင့်ပညာ၊ အဆင့်မြှင့်ဆိုတာ ဘွဲ့ရမှလို့ စိတ်ထဲမှာထင်နေကြတာပါ။ဒါဟာ အဲ့သလိုမဟုတ်ပါဘူး။အင်မတန်မှ အတိုးတက်ဆုံးနိုင်ငံနဲ့အချမ်းသာဆုံးနိုင်ငံတွေမှာ အသက်မွေးဝမ်းကျောင်းနဲ့ တက္ကသိုလ်ပညာရေး နှစ်ခုစလုံးကို တန်းတူညီတူ အားပေးပြီး ပံ့ပိုးပေးတယ်။ဘာဖြစ်လို့လဲဆိုတော့ ဘွဲ့ရတွေပဲ လိုအပ်နေတာမဟုတ်ပါဘူး။လက်တွေ့ကျကျ အသက်မွေးဝမ်းကျောင်းပညာဘက်မှာ ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေ အများကြီးလိုအပ်ပါတယ်"ဟု ၎င်းကပြောသည်။

ယခုဆိုရင် အစိုးရကိုယ်တိုင်မှ ယင်းကိစ္စရပ်ကို မူဝါဒများချမှတ်ကာ ပံ့ပိုးအားပေးနေသကဲ့သို့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်အဖွဲ့ကလည်း အသက်မွေးဝမ်းကျောင်းတစ်ခုဖွင့်လှစ်ထားကြောင်း သိရသည်။

"ကျွန်မတို့ ဖွင့်လှစ်ထားတဲ့အသက်မွေးဝမ်းကျောင်းကလည်း အောင်မြင်တယ်။ သင်တန်းတက် ကျောင်းသား များဟာ သင်တန်းမပြီးခင်ကတည်းက အလုပ်ကရနေပါပြီ။တကယ်ဆိုရင် သင်တန်အစမှာကို လာပြီးတော့ သက်ဆိုင်ရာက ဒီလိုလုပ်နေတယ်။ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေက ကျွန်မတို့သင်တန်းကျောင်းကို ချဉ်းကပ်ပြီးတော့ ဒီလိုနေရာမှာ ဒီလိုအလုပ်သမားတွေ လိုအပ်တယ်။ လာတောင်းတယ်။ ကျွန်မတို့ ကလေးတွေ က သင်တန်းပြီးတာနဲ့တန်းပြီးတော့ အလုပ်လုပ်နိုင်တဲ့အဆင့်ထိ ရောက်သွားတယ်။ဒီလိုပဲ ချင်းပြည်နယ် အပါအဝင် တခြားပြည်နယ်နဲ့တိုင်းတွေမှာလည်း ဖြစ်စေချင်တယ်။"ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ထို့အပြင် အရေးကြီးဆုံးအနေဖြင့် လူငယ်များသည် ကျောင်းပြီးပါက လမ်းမပေါ်ရောက်မသွားစေရန် လူကြီးများက သတိပြုမိစေချင်ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်က ထည့်သွင်းပြောကြားခဲ့သည်။

"လူငယ်တွေဟာ လမ်းမပေါ်ရောက်သွားတာတို့၊ အရက်သောက်တာတို့၊ မူးယစ်ဆေးဝါးသုံးစွဲတာတို့ကို မဖြစ်စေရအောင် အတတ်နိုင်ဆုံး ထိန်းသိမ်းစေချင်ပါတယ်။နောက်တစ်ခုတော့ ကွမ်းယာမစားကြဖို့ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျန်းမာရေးအတွက် ထိခိုက်နိုင်တယ်"ဟု အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီလ ၂ဝရက်နေ့မှ စတင်ကာ ချင်းပြည်နယ်ခရီးစဉ်ကို နေပြည်တော်မှ စတင်ထွက်ခွာခဲ့ပြီး ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ သီကီရ် ရေလှောင်တမံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ထို့နောက် ချင်းပြည်နယ်အတွင်းရှိ ဖလမ်း၊ တီးတိန်စသော မြို့များသို့ သွားရောက်ကာ ဒေသခံများနှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly