အတိုင်ပင်ခံပုဂ္ဂိုလ်၏ ချင်းပြည်နယ်ခရီးစဉ်တွင် ရဟတ်ယာဉ် လေဖိအားကြောင့် နေအိမ်ပျက်စီးမှုအချို့ဖြစ်ခဲ့

အတိုင်ပင်ခံပုဂ္ဂိုလ်၏ ချင်းပြည်နယ်ခရီးစဉ်တွင် ရဟတ်ယာဉ် လေဖိအားကြောင့် နေအိမ်ပျက်စီးမှုအချို့ဖြစ်ခဲ့
Photo- ဆလိုင်းပါမွှန်/CNJ

ထန်တလန်၊ ဇန်နဝါရီ ၂၁ ။           ။ နိုင်ငံအတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ချင်းပြည်နယ်၊ထန်တလန်မြို့၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံရန် ရဟတ်ယာဉ်ဖြင့်ရောက်ရှိလာစဉ် ရဟတ်ယာဉ် လေအားကြောင့် ဒေသခံများ၏ နေအိမ်ခေါင်မိုးများ၊ ခြံစည်ရိုးပျက်ဆီးမှုများဖြစ်ပေါ်ခဲ့ပြီး အဆိုပါ အပျက်အစီးများအတွက် နစ်နာသူများကို လျော်ကြေးပေးရန် အထူး မှာကြားထားကြောင်း သိရသည်။

 ဇန်နဝါရီ ၂၀ ရက်နေ့၌ ထန်တလန်မြို့နယ် သီကီရ်ရေလှောင်တမံနှင့် အသေးစားရေအား လျှပ်စစ်စက်ရုံ ဖွင့်ပွဲအခမ်းအနားအပြီး ထန်တလန်မြို့မြို့တော်ခန်းမတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံရန် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရောက်ရှိခဲ့ရာ ရဟတ်ယာဉ်ဆင်းချိန်တွင် ကြိုဆိုရန် ဆောက်လုပ်ထားသည့် မုခ်ဦးပါ ပြိုကြခဲ့ကြောင်း သိရသည်။

 " ရဟတ်ယာဉ်ဆင်းတိုင်း ဘေးပတ်ဝန်းကျင်ကို ပြဿနာဖြစ်စေပါတယ်။ လေ အရမ်းတိုက်တဲ့အခါ ခေါင်းမိုးများပျက်စီးတာ၊ ခြံစည်းရိုးများပျက်စီးတာကို တွေ့မြင်ရပါတယ်။ ဒါကလည်း သင်ခန်းစာဖြစ်ပါတယ်။ အခုပျက်ဆီးဆုံးမှုတွေအတွက် သေသေချာချာပြောထားပါတယ်။ ပျက်စီးမှုတွေအတွက် အားလုံးလျော်ကြေး ပေးရမှာဖြစ်ပါတယ်။ မပေးဘူးဆိုလျှင် ကျွန်မတို့ကိုအသိပေးဖို့ လိုအပ်ပါတယ်။ ဆင်းလာသည့်အခါ ကြိုဆိုရန် မုခ် ဆောက်ထားတာ ပြိုကျသွားတာကို တွေ့ရပါတယ်။ အပေါ်ကနေကြည့်လိုက်တဲ့အခါ အရှေ့ကမုခ်၊ အနောက်က ပြည်သူတွေ စောင့်ပါတယ်။ သီချင်းဆိုပြီး ကြိုဆိုတဲ့ပြည်သူတွေနောက်မှာ ကျွန်မ ဓာတ်ပုံကို ထောင်ထားတယ်။ ဓာတ်ပုံ ကတော့ လုံးဝမယိုင်လဲမသွားပါဘူး။ အဲ့ဒီအအတွက် ကျွန်မစိတ်ထဲမှာ ပြည်သူ ကာကွယ်ပေးထားသည့် အရာက ဘယ်တော့မှ မယိုင်ဘူးလို့ စဉ်းစားမိပါတယ်" ဟု ဒေသခံများနှင့်တွေ့ဆုံစဉ် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုုကြည်မှ ပြောကြားခဲ့သည်။

 အတိုင်ပင်ခံပုဂ္ဂိုလ်၏ ချင်းပြည်နယ်ခရီးစဉ်တွင် ထန်တလန်မြို့နယ် သီကီရ်ရေလှောင်တမံနှင့် အသေးစား ရေအား လျှပ်စစ်စက်ရုံဖွင့်ပွဲအခမ်းအနားတက်ရောက်ဖွင့်လှစ်ခြင်း၊ဒေသခံပြည်သူများဖြင့် တွေ့ဆုံခြင်း၊ ဒေသခံများအတွက် ဆန်အိတ်နှင့် ဆီများ ထောက်ပံလှူဒါန်းခဲ့ကြောင်း သိရသည်။

 ချင်းပြည်နယ်အတွင်း သစ်တောပြုန်းတီးခြင်းများထိန်းသိမ်းနိုင်ရန်အတွက် ချင်းတိုင်းရင်းသားများ အနေဖြင့် သစ်ပင်များခုတ်သည့် အလေ့အထအား လုံးဝပျောက်အောင်လုပ်ရန်လည်း နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်မှ ရေလှောင်တမံ ဖွင့်ပွဲ အဖွင့်အမှာစကားတွင် မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly