မိုးမိတ်မြို့ နယ်တွင်ကျပ်သိန်းပေါင်း ၄သောင်း၆ထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

မိုးမိတ်မြို့ နယ်တွင်ကျပ်သိန်းပေါင်း ၄သောင်း၆ထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
 ဓာတ်ပုံ- CCDAC Myanmar

ရန်ကုန်၊ဇန်နဝါရီ ၂၁ ။            ။ မိုးမိတ်မြို့နယ်တွင် ဇန်နဝါရီ ၁၉ရက်နေ့တွင်  သိန်းပေါင်း ၄သောင်း ၆ထောင်ကျော် တန်ဖိုးရှိ ဘိန်းဖြူများနှင့် စိတ်ကြွရှုးသွပ်စေပြားများဖြစ်သည့် မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါး နှိမ်နင်းရေးနှင့် ထိန်းချုပ်ရေးဗဟိုကော်မတီ မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၄)လားရှိုး(မိုးမိတ်လှုပ်ရှား)မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် မိုးမိတ်မြို့နယ်တွင် ငွေကျပ် ၄၄၂ သိန်းတန်ဖိုးရှိ ဘိန်းဖြူများနှင့် ငွေကျပ် ၄၅၈၀၀ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို စုစုပေါင်းတန်ဖိုးငွေကျပ် ၄၆၂၄၂ သိန်းဖိုး ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၉ ရက်နေ့ ညနေ ၄ နာရီ ၃ဝတွင်  မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (၂၄) လားရှိုး (မိုးမိတ်လှုပ်ရှား)မှ တပ်ဖွဲ့ဝင်များသည် တပ်မတော်သားများ၊ မိုးမိတ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ သတင်းအရ သက်သေများနှင့်အတူ မိုးမိတ်မြို့နယ်၊ မိုးမိတ်-မဘိမ်းသွားကားလမ်းတွင် မိုးမိတ်မြို့ ဘက်မှ မဘိမ်းမြို့ဘက်သို့ မန်တုံမြို့နယ်၊ ဟိုချက်ကျေးရွာနေ ဆွယ်ဟိန်း ၂၄ နှစ်မောင်းနှင်လာသည့် မော်တော်ယာဉ် အား ရပ်တန့်စစ် ဆေးရှာဖွေစဉ် မော်တော်ယာဉ်၏ကြမ်းခင်းနှင့် ဘေးဘောင်များတွင် အံဝှက်ပြုလုပ်ကာ သိုဝှက်သယ်ဆောင်လာသော ဆပ်ပြာခွက် ၂၂၁ ခွက်ဖြင့်ထည့်ထားသည့် ဘိန်းဖြူ အလေးချိန် ၂.၂၁ ကီလို(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၄၄၂ သိန်း)၊ ပလတ်စတစ်ကပ်ခွာအိတ် များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၂၉၀၀၀၀ ပြား(ဒေသကာ လပေါက်စျေးတန်ဖိုးငွေကျပ် ၄၅၈၀၀ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

 အဆိုပါ မူးယစ်ဆေးဝါးများသယ်ဆောင်စဉ် ဖုန်းဖြင့်ဆက်သွယ်စေခိုင်းသူများဖြစ်သည့် မဘိမ်းမြို့နယ်၊ နမ့်ပုံးပုံးရပ်ကွက်တွင်နေထိုင်သော ဝေလျှံအောင်(ခ)အမောင်လေး ၂၅ နှစ်နှင့် မဘိမ်းမြို့နယ်၊ စီပိန်းကျေးရွာတွင်နေထိုင်သော မတင်ဇာခိုင်(ခ)မခက်ခက်ခိုင် ၂၃ နှစ်တို့အား ည ၁ဝနာရီ ၁ဝမိနစ်တွင် ရွှေလီ (၃) ရေအားလျှပ်စစ်စီမံကိန်းမြစ်ကူးတံတားတွင် လက်ကိုင်ဖုန်း ၁ လုံး၊ မော်တော်ယာဉ် ၁ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် မိုးမိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

၄င်ပြစ်မှုကျူးလွန်သူများကို မိုးမိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးနေကြောင်းသိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly