လစာလျှော့ချသောကြောင့် IS အုပ်စုမှ စစ်သွေးကြွများ အခြားအုပ်စုများသို့ ဘက်ပြောင်းသွားခဲ့ဟုဆို

လစာလျှော့ချသောကြောင့် IS အုပ်စုမှ စစ်သွေးကြွများ အခြားအုပ်စုများသို့ ဘက်ပြောင်းသွားခဲ့ဟုဆို

ဘဂ္ဂဒက်၊ စက်တင်ဘာ - ၃၀ ။          ။ အီရတ်သတင်းရင်းမြစ်တစ်ခု၏ ပြောကြားချက်အရ အိုင်အက်စ်အုပ်စုဝင် ရာပေါင်းများစွာမှာ ၎င်းတို့၏ လစာကို ဖြတ်တောက်လျှော့ချလိုက်သောကြောင့် အခြားအကြမ်းဖက်အဖွဲ့အစည်းများသို့ ဘက်ပြောင်းကုန်ကြသည်ဟု ဆိုသည်။

''အရင်က အပုံကြီးရခဲ့တဲ့ လစာဟာ သိသိသာသာနည်းသွားတာကြောင့် တိုက်ခိုက်ရေးသမားတွေ ထွက်ခွာကုန်ကြတယ်''ဟု အီရတ်မြို့တော် ဘဂ္ဂဒက်မှ သတင်းရင်းမြစ်တစ်ခုက ဗြိတိန်သတင်းစာ တစ်စောင်ဖြစ်သည့် Daily Mirror သို့ ပြောကြားခဲ့သည်။

Daily Mirror သတင်းစာတွင် ဖော်ပြချက်အရ အနည်းဆုံး အိုင်အက်စ်အဖွဲ့ဝင် စစ်သွေးကြွ ၂၀၀ခန့်မှာ အုပ်စုမှ ထွက်ခွာသွားကြပြီး အိမ်နီးချင်းဆီးရီးယားမှ လစာကောင်းကောင်းပေးနိုင်သည့် အခြားအကြမ်းဖက်အုပစ်စုများကို ရှာဖွေရန်အတွက် အီရတ်မြောက်ပိုင်းမှ ဆုတ်ခွာသွားကြသည်ဟု ဆိုသည်။

''တချို့က သူတို့ရဲ့အလားအလာနဲ့ပတ်သက်လို့ စိတ်မချမ်းမြေ့ကြဘူး''ဟု အဆိုပါ သတင်းရင်းမြစ်က ပြောကြားခဲ့သည်။

အိုင်အက်စ်အုပ်စုက ၎င်း၏ အကြမ်းဖက်သမားအဖွဲ့ဝင်တစ်ဦးစီကို တစ်လ အမေရိကန်ဒေါ်လာ ၃၀၀နီးပါး ပေးလေ့ရှိသည်။ သို့ရာတွင် အိုင်အက်စ်အုပ်စုက ပစ်မှတ်ထားတိုက်ခိုက်ခံရမည်စိုးသောကြောင့် ၎င်းတို့ ထိန်းချုပ်ထားသည့် နယ်မြေများကြား ငွေသားသယ်ဆောင်သည့် ယာဉ်တန်းအရေအတွက်ကို လျှော့ချလိုက်ရာ အကြမ်းဖက်သမားများ၏ လစာများကိုလည်း ဒေါ်လာ ၁၀၀ နီးပါးအထိ ဖြတ်တောက်လျှော့ချပစ်လိုက်သည်ဟု ဆိုသည်။

မူးယစ်ဆေး ကုန်ကူးခြင်း၊ ရေနံရောင်းခြင်း၊ ရှေးဟောင်းပစ္စည်းများရောင်းချခြင်းနှင့် ပြန်ပေးဆွဲ၍ ရွေးကြေးတောင်းခြင်းများမှာ အိုင်အက်စ်အုပ်စုအတွက် အဓိက ငွေဝင်လမ်းကြောင်းများပင် ဖြစ်သည်။ ထို့အပြင် ပါရှန်းပယ်လယ်ကွေ့ဒေသမှ ချမ်းသာကြွယ်ဝသူများကလဘည်း အကြမ်းဖက်သမားများကို မတည်ထောက်ပံ့ပေးနေသည်ဟု ဆိုသည်။

ကျွမ်းကျင်သူများ၏ ခန့်မှန်းချက်အရ အိုင်အက်စ်အကြမ်းဖက်အုပ်စု၏ တရားမဝင် ရောင်းချမှုများမှ ရရှိနေသည့် နေ့စဉ်ဝင်ငွေမှာ ကန်ဒေါ်လာ ၂သန်းမှ ၃သန်းကြား ရှိနေသည်ဟု ဆိုသည်။ ထို့အပြင် အိုင်အက်စ်အုပ်စုမှာ ပြန်ပေးဆွဲ၍ ရွေးကြေးတောင်းခံမှုများမှလည်း တစ်ရက်လျှင် ကန်ဒေါ်လာ ၉၆၀၀၀မှ ၁၂၃၀၀၀အထိ ဝင်ငွေရရှိနေသည်ဟုလည်း ကုလသမဂ္ဂက ခန့်မှန်းထားသည်။

အိုင်အက်စ်နှင့် အယ်လ်ခိုင်ဒါအုပ်စုများသို့ စီးဝင်နေသည့် ငွေဝင်လမ်းကြောင်းကို ဖြတ်တောက်ရန် ရည်ရွယ်သည့် ရုရှက ရေးဆွဲထားသော မူတစ်ခုကို ကုလလုံခြုံရေးကောင်စီက ဖေဖော်ဝါရီလက အတည်ပြုပြဌာန်းခဲ့သည်။

ထိုမူအရ အကြမ်းဖက်သမားများထံမှ ရေနံနှင့် ရှေးဟောင်းပစ္စည်းများကို မဝယ်ယူရန်နှင့် ရွေးကြေးမပေးရန် နိုင်ငံများကို တိုက်တွန်းထားပြီး အကယ်၍ လူပုဂ္ဂိုလ်နှင့် နိုင်ငံများအနေဖြင့် အကြမ်းဖက် သမားများနှင့် ရောင်းဝယ်ဖောက်ကားနေခဲ့ပါက ထိုသူများကို ကြံရာပါများအဖြစ် တရားစွဲဆိုမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly