ခုနှစ်ကြိမ်မြောက် ရိုးမ ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကျင်းပ

ခုနှစ်ကြိမ်မြောက် ရိုးမ ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကျင်းပ

ရန်ကုန်၊ ဇန်ဝါရီ ၂၀ ။        ။ မြန်မာနိုင်ငံက ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်တွေကို လှူဒါန်းဖို့ရည်ရွယ်ပြီး ၇ ကြိမ်မြောက်အဖြစ် ရိုးမ ရန်ကုန် အပြည်ပြည် ဆိုင်ရာ မာရသွန် ပြိုင်ပွဲကို ရန်ကုန်မြို့တော်စည်ပင်နှင့် ပြင်ပကုမ္မဏီနှစ်ခုတို့က ပူးပေါင်းပြီး ဇန်နဝါရိ ၂၀ ရက် နံနက်ပိုင်းက ကျင်းပခဲ့ပါတယ်။

ရရှိလာတဲ့ ရန်ပုံငွေတွေကို ကလေးငယ်တွေအတွက် ပရဟိတအဖွဲ့တွေဆီကို လှူဒါန်းသွားမှာဖြစ်ပြီး ပြိုင်ပွဲအတွက် တာထွက်နဲ့ ပန်းဝင်ဖို့နေရာအဖြစ် ရန်ကုန်မြို့က သုဝဏ္ဏမိုးလုံလေလုံကစားကွင်းကို သတ်မှတ်ခဲ့ပါတယ်။

ပြိုင်ပွဲလမ်းကြောင်းကတော့ ဗိုလ်တစ်ထောင်ဘုရား၊ ရွှေတိဂုံဘုရားနဲ့ အင်းလျားကန်တို့ကို ဖြတ်သန်းသွားရတာလည်း ဖြစ်ပါတယ်။

“ ယှဉ်ပြိုင်ရတဲ့အဓိက ရည်ရွယ်ချက်ကတော့ ကျန်းမာရေးပေါ့နော်။ ဒီပြိုင်ပွဲတွေ ရှိတယ်ဆိုတော့ လူတွေကလည်း လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ဖြစ်တယ်။ ကျွန်တော်တို့လည်းလုပ်ဖြစ်တယ်။ Target တစ်ခုရှိတယ်ဆိုပြီးပေါ့။ ကျွန်တော်ကတော့ ဒီလိုပွဲတွေ များများလုပ်စေချင်တယ် “ လို့ပါဝင် ယှဉ်ပြိုင်ခဲ့တဲ့ ကို Arthur ကပြောပါတယ်။

ပြိုင်ပွဲကို မာရသွန်အပြည့် (၄၂) ကီလိုမီတာ၊ တစ်ဝက်မာရသွန် (၂၁) ကီလိုမီတာ၊ စိန်ခေါ်မာရသွန် (၁၀) ကီလိုမီတာနှင့် အပျော်တမ်း အပြေး/ လမ်းလျှေက်ပြိုင်ပွဲ (၃ ကီလိုမီတာ) ဆိုပြီး လေးမျိုးခွဲခြားကျင်းပခဲ့တာပါ။

ပြိုင်ပွဲကို မြန်မာနိုင်ငံက အပြေးသမားတွေအပြင် ဂျပန်၊ စင်ကာပူ၊ ထိုင်း၊ တရုတ်၊ မလေးရှား၊ ပြင်သစ်၊ UK နဲ့ ဟောင်ကောင် နိုင်ငံတို့က အပြေးသမားတွေလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

၂၀၁၉ ရိုးမ ရန်ကုန် မာရသွန်ပြိုင်ပွဲကို ပြည်တွင်း/ ပြည်ပက အပြေးသမား ၈ ထောင်ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပြီးတော့ နိုင်ငံတကာက အပြေးသမား ၆၀၀ လောက် ပါဝင်တယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly