ရခိုင်ပြည်နယ်၏ ပထမဦးဆုံးသော ရင်းနှီးမြှုပ်နှံမှုပွဲတော် ငပလီမှာ ကျင်းပမည်

ရခိုင်ပြည်နယ်၏ ပထမဦးဆုံးသော ရင်းနှီးမြှုပ်နှံမှုပွဲတော် ငပလီမှာ ကျင်းပမည်

ရန်ကုန်၊ ဇန်နဝါရီ ၂၀ ။            ။ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ရင်းနှီးမြှုပ်နှံသူများ လာရောက်စေရန်အတွက် ရင်းနှီှးမြှုပ်နှံမှုပွဲတော်တစ်ခုကို ငပလီ ကမ်းခြေတွင် ကျင်းပသွားဖို့ ရှိနေသည်။

ထိုပွဲသည် ရခိုင်ပြည်နယ်၏ ပထမဦးဆုံးသော ရင်းနှီးမြှုပ်နှံမှုပွဲတော်တစ်ခုလည်းဖြစ်ပြီး ပြည်နယ်အစိုးရမှ ဦးဆောင် ကျင်းပရန် စီစဉ်နေခြင်းလည်း ဖြစ်သည်။

အဆိုပါပွဲကို ကမ္ဘာ့ ၈ ခုမြောက် အကောင်းဆုံးအဖြစ် သတ်မှတ်ခံထားရသည့် ငပလီကမ်းခြေတွင် ဖေဖေါ်ဝါရီ ၂၁ မှ ၂၃ ရက်အထိ ကျင်းပသွား မည်ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ၁၀ ခု မှ ၁၅ ခုခန့် ဝင်ရောက်လာနိုင်ရန် မျှော်မှန်း ထားကြောင်း သိရသည်။

“ အားလုံးကိုတော့ ရခိုင်ပြည်နယ်ကို ဒီထက်ပိုပြီးတော့ စိတ်ဝင်စားစေချင်ပါတယ်။ ဒီထက်ပိုပြီးတော့လည်းပဲ ရခိုင်ပြည်နယ်ရဲ့ အကြောင်းတွေကို သိစေချင်ပါတယ်။ အဲ့တာမှ သာလျင်ပဲ ရခိုင်ပြည်နယ်ရဲ့အခွင့်အလမ်းတွေကို ပိုပြီးတော့ ဖော်ထုတ်နိုင်မှာဖြစ်ပါတယ်။ ဒါမှသာလျင် ရင်းနှီးမြှုပ်နှံမှုတွေလည်း အများဆုံးလာရင်းနှီးမြှုပ်နှံပြီးတော့ အားလုံးအတွက်ပေါ့ အကျိုးဖြစ်နိုင်တဲ့အတွက် အားလုံးက ကူညီဆောင် ရွက်ပေးဖို့ကို ဖိတ်ပါတယ် “ ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဆိုသည်။

ရခိုင်ပြည်နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးအခြေခံသည့် လုပ်ငန်းများအပြင် စက်မှုဇုန်များ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပရောဂျက်များလည်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ် ဖွံဖြိုးတိုးတက်မှုသည် မြန်မာ့စီးပွားရေးအတွက် အရေးပါသည့်ကဏ္ဍတွင် ရှိနေသောကြောင့် ပြည်ထောင်စု အစိုးရအဖွဲ့မှလည်း ပံ့ပိုး ကူညီသွားမည်ဖြစ်ကြောင်းလည်း အဆိုပါပွဲမှ သိရသည်။

“ မတည်ငြိမ်တာက မောင်တောဒေသ တစ်ခုမှာပဲဖြစ်နေတာဖြစ်ပါတယ်။ အခုတစ်လောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေက လည်း မကြာခင်မှာ ပြီးသွားနိုင်မယ့် အနေအထားရှိပါတယ်။ အခုလက်ရှိပွဲလုပ်မယ့်နေရာက တောင်ပိုင်း သံတွဲဒေသကို အခြေခံပြီးလုပ်ပြီးတော့မှ တည်ငြိမ်တဲ့ နေရာတွေမှာ ရင်းနှီးမြှုပ်နှံမှုကို ဦးစားပေးပြီးလုပ်သွားမယ်။ တဖြည်းဖြည်းနဲ့ မငြိမ်မသက်ဖြစ်တဲ့ နေရာမှာလည်းတည်ငြိမ် လာရင် တိုးချဲ့ပြီးတော့ ဆောင်ရွက်သွားနိုင်မယ်လို့ ရည်မှန်းထားတာဖြစ်ပါတယ် “ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ပြောသည်။

ထို့အပြင် ဒေသန္တရဖွ့ံဖြိုးတိုးတက်ရေးအတွက် မြောက်ဦးမြို့အပြင်  ငပလီကမ်းခြေနှင့် အနီးတစ်ဝိုက်တွင်လည်း ကမ်းခြေ အသစ်များ တိုးချဲ့လာနိုင်သော အလားအလာရှိသဖြင့် ခရီးသွားကဏ္ဍကိုလည်း ဖွ့ံဖြိုးတိုးတက်အောင်လုပ်ဆောင်သွားရန် ရည်ရွယ်ကြောင်း သိရသည်။

ယခုကဲ့သို့ ရခိုင်ပြည်နယ်တွင် ရင်နှီးမြှုပ်နှံမှုလာရောက်ရန်အတွက် တရုတ်၊ ဂျပန်၊ အိန္ဒိယနှင့် အာဆီယံဒေသတွင်း နိုင်ငံများကို အဓိကထား ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly