ဗိုလ်ချုပ်ရုပ်ရှင်ကို အောင်မြင်စွာရိုက်ကူးနိုင်မည်ဟု နိုင်ငံတော်သမ္မတ ယုံကြည်ထားဟု ဆို

ဗိုလ်ချုပ်ရုပ်ရှင်ကို အောင်မြင်စွာရိုက်ကူးနိုင်မည်ဟု နိုင်ငံတော်သမ္မတ ယုံကြည်ထားဟု ဆို

ရန်ကုန်၊ ဇန်နဝါရီ ၂၀ ။            ။ ရိုက်ကူးရန်အတွက် ၇ နှစ်ခန့် အချိန်ယူခဲ့ရသော်လည်း ယခုတိုင် စတင်ရိုက်ကူးနိုင်ခြင်းမရှိသေးသော ဗိုလ်ချုပ်ရုပ်ရှင်ကို အောင်မြင်စွာ ရိုက်ကူးနိုင်မည်ဟု နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့မှ ယုံကြည်ထားကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောဆိုလိုက်သည်။

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်းကော်မတီ၏ အဋ္ဌမအကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်း အဝေးကျင်းပခဲ့သည့် ရန်ကုန်မြို့က အမျိုးသားကဇာတ်ရုံတွင် ဇန်နဝါရီ ၂၀ ရက်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ နိုင်ငံတော်သမ္မကြီးနဲ့ သီးသန့်တွေ့ဆုံတဲ့အချိန်မှာ သမ္မတကြီးပြောတဲ့ ပထမဆုံးစကားက ဗို်လ်ချုပ် ရုပ်ရှင်နဲ့ပက်သက်ပြီးတော့မှ အခုဆိုရင်တော့ သူတို့၊ အတိုင်ပင်ခံပုဂ္ဂိုလ်ကြီးတို့ တော်တော်ကိုစိတ်အေးသွားပြီလို့ ပြောပါတယ်။ မုချအောင်မြင်မယ်လို့လည်း ယုံကြည်တယ်လို့ ပြောပါတယ် “ ဟု ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောသည်။

ထို့အပြင် ရုပ်ရှင်ရိုက်ကူးရန်အတွက် ဇာတ်ညွှန်းအားလုံးကိုလည်း ရေးသားပြီးစီးခဲ့ပြီး ဇာတ်ဝင်ခန်း ၁၀၀ ကျော်ပါဝင်မှာဟု လည်း သိရသည်။

လက်ရှိတွင် ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားကို ၂၀၁၉ ခုနှစ်အတွင်း အပြီးရိုက်ကူးပြီး ၂၀၂၀ ခုနှစ်တွင် ရုံတင်ပြသနိုင်ရန် အစိုးရဘက်မှ လိုလားနေကြောင်းလည်း သိရသည်။

“ လူတွေတွက်ထားသလို ရုပ်ရှင်ကားတစ်ကား ရိုက်တာက မပြီးဘူး။ အဲ့တာတော့အမှန်ပဲ။ ဆရာတို့ ကိုယ်တိုင်လုပ်လာတာ မပြီးဘူး။ လူတွေက တချိုကကျတော့ အားမလိုအားမရဖြစ်တယ်။ တည်တဲ့ ရက်နဲ့စာရင်တော့ကြာခဲ့တာတော့အမှန်ပဲ။ ဒါလည်း အကြောင်း ကြောင်းကြောင့်နဲ့ကြာခဲ့တာ။ ဒါပေမယ့် တကယ်ရိုက်ရင် ဒီကားမျိုးကကြာမှာပဲ။ ဝုန်းဒိုင်းနဲ့တော့မပြီးဘူး။ ပြောရရင် တစ်နှစ်နဲ့ နှစ် နှစ်လောက်တော့ရိုက်ရမယ်။ ပြီးအောင်ပေါ့ စိတ်တိုင်းကျဖြစ်အောင် ၂ နှစ်လောက်ယူရမယ် “ ဟု ဗိုလ်ချုပ်ရုပ်ရင်ရိုက်ကူး ထုတ်လုပ်ရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ပန်းချီစိုးမိုးက ပြောသည်။

အဆိုပါရုပ်ရှင်ရိုက်ကူးရန် ကျပ်သိန်းပေါင်း ၁ သောင်းခန့် လျာထားကြောင်းသိရပြီး လက်ရှိတွင် စုစုပေါင်း ကျပ်သိန်း ၁၂၀၀၀ ကျော်နှင့် အမေရိကန်ဒေါ်လာ ၅၀၀၀ နီးပါး ရရှိထားကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ကို ၂၀၁၂ ဖေဖော်ဝါရီ ၁၃ ရက်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သော်လည်း ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်မှာ ၇ နှစ်တာကာလအတွင်း ရိုက်ကူးနိုင်ခဲ့ခြင်းမရှိ၍ ဝေဖန် မှုများထွက်ပေါ်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly