ရပ်တည်ဖို့ ခက်ခဲလာနေတဲ့ ထိုင်ဝမ် တိုင်းရင်းဆေးဆိုင်များ

ရပ်တည်ဖို့ ခက်ခဲလာနေတဲ့ ထိုင်ဝမ် တိုင်းရင်းဆေးဆိုင်များ

ဇန်နဝါရီ ၂၀ ။          ။ ထိုင်ဝမ်မှာတော့ အစဉ်အလာ တိုင်းရင်းဆေးအရောင်းဆိုင် လုပ်ငန်းဟာ တစ်ဖြည်းဖြည်းချင်း အားနည်းလာနေပြီး ဆက်လက်ရပ်တည်ဖို့တောင် ခက်ခဲလာနေလျက် ရှိပါတယ်။

တိုင်းရင်းဆေးဟာ ယခုအချိန်ထိ ထိုင်ဝမ် ပြည်သူတွေအကြား ပေါ်ပြူလာဖြစ်နေဆဲ ဆိုပေမယ့် ယင်း အစဉ်အလာ ဆေးအရောင်းဆိုင်တွေ ပိတ်သိမ်းတာတွေကိုတော့ ခုနောက်ပိုင်းမှာ  ခပ်စိတ်စိတ် မြင်လာရတယ်လို့ သိရပါတယ်။

စစ်တမ်းတွေအရ နှစ်စဉ်နှစ်တိုင်း ထိုင်ဝမ်မှာ  တိုင်းရင်းဆေးဆိုင်ပေါင်း ၂၀၀ လောက် ပိတ်သိမ်းနေရလျက် ရှိတယ်လို့ သိရပါတယ်။

“တိုင်းရင်းဆေး စတိုးတွေက တကယ်တော့ ထူးခြားတဲ့ ယဉ်ကျေးမှု အမွေအနှစ်နေရာတွေဖြစ်ပါတယ်၊ ဒီဆိုင်တွေက လူတွေ နေထိုင်မကောင်းဖြစ်တဲ့ အချိန်မျိုးမှာ ဆေးတွေ လာဝယ်နိုင်တဲ့ နေရာသက်သက်တစ်ခုထက်ကို ပိုပါတယ်” လို့ ယင်း ဆေးဆိုင်လုပ်ငန်းကို လုပ်ကိုင်နေသူတစ်ဦးဖြစ်တဲ့ ဂူချောင်ပူက ပြောပါတယ်။

ဒါပေမယ့် သူမရဲ့ ဆိုင်ဟာလည်းပဲ တစ်ခြားအလားတူဆိုင်တွေလိုပဲ ဆက်လက်ရပ်တည်ဖို့ ခက်ခဲတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရလျက်ရှိပါတယ်။ ယခုဆိုရင် သူမရဲ့ ဆိုင်ကတော့ လက်ရှိ လိုင်စင်ပိုင်ရှင် ဖခင်ဖြစ်သူ အကယ်၍ ကွယ်လွန်သွားပါက မရေမရာအခြေအနေ ရောက်သွားတော့မှာဖြစ်ပါတယ်။

၁၉၉၈ နောက်ပိုင်း ထိုင်ဝမ်အာဏာပိုင်တွေက ယင်းတိုင်းရင်းဆေးဆိုင်တွေအတွက် လိုင်စင်အသစ်တွေ ထုတ်ပေးတော့ခြင်း မရှိတော့ပါဘူး။ ဒါ့အပြင် လက်ရှိ လိုင်စင်ကိုင်ထားသူတွေကိုလည်း လူငယ်မျိုးဆက်သစ်တွေထံ လွှဲပြောင်းပေးအပ်ခွင့်လည်း ပေးမထားပါဘူး။

အာဏာပိုင်တွေဘက်က ခုလို လိုင်စင်သစ်တွေထုတ်ပေးဖို့ ငြင်းဆန်ရတာကတော့ ပရော်ဖက်ရှင်နယ် ဆရာဝန်တွေက တိုင်းရင်းဆေးတွေရဲ့ နေရာမှာ အစားထိုး ကုသပေးနိုင်မယ်လို့ မျှော်လင့်ထားခြင်းကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly