အမဲသားများ သိုလှောင်စားသုံးသည်ဟူသော ကောလဟာလများကြောင့် ဟိန္ဒူလူအုပ်က အိန္ဒိယအမျိုးသားတစ်ဦးကို သတ်ဖြတ်

အမဲသားများ သိုလှောင်စားသုံးသည်ဟူသော ကောလဟာလများကြောင့် ဟိန္ဒူလူအုပ်က အိန္ဒိယအမျိုးသားတစ်ဦးကို သတ်ဖြတ်

နယူးဒေလီ၊ စက်တင်ဘာ - ၃၀ ။        ။ အိန္ဒိယနိုင်ငံမြောက်ပိုင်းမှ အသက် ၅၀ အရွယ် လူတစ်ယောက်ကို ၎င်း၏ မိသားစုမှာ အိမ်တွင် အမဲသားကို သိုလှောင်စားသုံးနေသည်ဟူသော ကောလဟာလများဖြင့် လူတစ်စုက ဥပဒေမဲ့ စီရင် ကွက်မျက်ပစ်လိုက်ကြသည်ဟု ဆိုသည်။

စက်တင်ဘာလ ၂၈ရက်နေ့က အူတာပရာဒက်ရှ်ပြည်နယ် ဒါဒရီတွင် မိုဟာမက် အက်ခလက်ဆိုသူကို ယောကျ်ားတစ်သိုက်က ကန်ကျောက်၍ ကျောက်တုံးများဖြင့် ထုနှက်ခဲ့ကြသည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုတွင် မစ္စတာ အက်ခလက်၏ ၂၂နှစ်အရွယ် သားဖြစ်သူမှာလည်း အပြင်းအထန် ဒဏ်ရာရရှိသွားသောကြောင့် ဆေးရုံတွင် အကုသခံနေရသည်ဟု ဆိုသည်။

အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က လူ၆ယောက်ကို ဖမ်းဆီးထားပြီး ကောလဟာလဖြန့်သူကို စုံစမ်းဖော်ထုတ်နေသည်ဟု ဆိုသည်။

နိုင်ငံ့ ၁.၂ဘီလျံလူဦးရေ၏ ၈၀ရာခိုင်နှုန်းဖြစ်သည့် ဟိန္ဒူဘာသာဝင်များက နွားမများကို မြင့်မြတ်သည်ဟု ယူဆထားကြရာ နွားမကို သတ်ဖြတ်မှုမှာ အိန္ဒိယတွင် အကဲဆတ်သည့် ပြဿနာတစ်ရပ်ပင် ဖြစ်သည်။

အူတာပရာဒက်ရှ်မှာ နွားမသတ်ဖြတ်မှုနှင့် အမဲသား ရောင်းဝယ်ဖောက်ကားစားသုံးမှုကို ပိတ်ပင်သည့် ပြည်နယ်ပေါင်းများစွဲထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။  

အမဲသားပိတ်ပင်မှုကြောင့် အစိုးရက ထမင်းပန်းကန်ထဲတွင် ဘာဟင်းရှိရမည်ဟု ဆုံးဖြတ်ပေးနေသလားဟူသော မေးခွန်းထုတ်မှုများနှင့်အတူ မကျေမနပ် ဒေါသများကိုလည်း ဖြစ်ပေါ်လာစေခဲ့သည်။

မစ္စတာအက်ခလက်၏ မိသားစုကမူ ၎င်းတို့၏ ရေခဲသေတ္တာထဲတွင် သိုလှောင်ထားသည်မှာ အမဲသားမဟုတ်ဘဲ သိုးသားများသာဖြစ်သည်ဟု ပြောကြားခဲ့ရာ ရဲက အသားကို ယူဆောင်သွားပြီး စစ်ဆေးခိုင်းထားသည်ဟု ဆိုသည်။

''ဒေသခံတစ်ချို့က အက်ခလက်အိမ်မှာ နွားမအသားတွေရှိနေပြီး အက်ခလက်ဟာ နွားမတွေသတ်ဖြတ်ရာမှာ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ ကောလဟာလကို ဖြန့်လိုက်လို့ သူ့အိမ်ကို တိုက်ခိုက်ကြတာပါ''ဟု အကြီးတန်းဒေသန္တရအရာရှိ အင်ပီ ဆင်းက The Indian Express သတင်းစာသို့ ပြောကြားခဲ့သည်။

အဆိုပါဖြစ်ရပ်မှာ လယ်လုပ်သား မစ္စတာ အက်ခလက် သူ့မိသားစုနှင့် နေထိုင်ရာ မြို့တော်ဒေလီမှ ၃၁မိုင်မျှသာ ကွာဝေးသည့် ရွာကလေးတစ်ရွာတွင် ဖြစ်ပျက်ခဲ့ခြင်းပင်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly