ရုပ်ရှင်ရုံမြေနေရာအား ရောင်းချမည့်ကိစ္စ ဒေသခံတို့ ကန့်ကွက်

ရုပ်ရှင်ရုံမြေနေရာအား ရောင်းချမည့်ကိစ္စ ဒေသခံတို့ ကန့်ကွက်

ဇန်နဝါရီ ၂၀ ။              ။ မူလရုပ်ရှင်ရုံအား အဆင့်မြင့်တင်ရန်ဟု ဆိုကာ ဖြိုဖျက်ခဲ့ပြီး ၁၃ နှစ်ကြာသည့်တိုင် အဆင့်မြင့်ရုပ်ရှင်ရုံ တည်ဆောက် နိုင်ခြင်း မရှိသေးချိန်တွင် ထိုမြေနေရာအား ရောင်းချရန် စီစဉ်လာနေမှုကို မလိုလားကြောင်း မကွေးတိုင်းရှိ ဆုံတိုက်ရပ်ကွက် သူဌေးကုန်းရပ်ရှိ ဒေသခံတို့က ဆိုလာကြသည်။

ရုပ်ရှင်ရုံ မြေနေရာရောင်းချမည့်ကိစ္စနှင့် ပတ်သက်၍ ထိုဒေသခံတို့သည် ဇန်နဝါရီ ၂၀ ရက်နေ့တွင် မျက်နှာစုံညီ ဆွေးနွေးခဲ့ကြပြီး ကန့်ကွက်ကြောင်း အသီးသီး ဖွင့်ဟလာခြင်း ဖြစ်သည်။

“ ဒီရုပ်ရှင်ရုံဖြိုဖျက်တုန်းက ရပ်ကွက်နေပြည်သူတွေ ကန့်ကွက်ခဲ့ကြတယ်၊ ကျွန်တော်တို့က ကန့်ကွက်တော့ သူတို့ကဖျက်တာကို ရပ်လိုက်၊ ပြီးတော့ပြန်ဖျက်လိုက်နဲ့ အနည်းငယ်ကြာခဲ့ပါတယ်။ နောက်ပိုင်းမှာ ဆုံတိုက်ရပ်ကွက် ရယကရုံးကို ရပ်မိရပ်ဖတွေကို ခေါ်ပြီး အဆင့်မြင့်ရုပ်ရှင်ရုံ ပြန်လည်တည်ဆောက်ပါမယ်လို့ လုပ်ငန်းရှင်ဘက်မှ ကတ်ိကဝတ်ပြုပြောခဲ့ပါတယ်၊ အခုမှ ရုပ်ရှင်ရုံ မဆောက်ဘဲ မြေနေရာပြန်လည်ရောင်းချဖို့ ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။” ဟု မြစိမ်းရောင်ရပ်ကွက်မှ ဒေသခံတစ်ဦးဖြစ်သူ ဦးခင်မောင်အေးက ပြောသည်။

အဆိုပါမြစိမ်းရောင်ရုပ်ရှင်ရုံကို အဆင့်မြင့်ရုပ်ရှင်ရုံ ပြန်လည်တည်ဆောက်ရန် ပုဂ္ဂလိကလုပ်ငန်းရှင်များလွှဲပြောင်းရေးကာလတွင် လုပ်ငန်းရှင်တစ်ဦးက ရရှိခဲ့ပြီး၊၂၀၀၆ ခုနှစ်က ဖြိုဖျက်ခဲ့ခြင်းဖြစ်သည်။

မြစိမ်းရောင်ရုပ်ရုပ်ရုံ မြေနေရာသည် ပေ (၁၀၀) ပတ်လည်ရှိကြောင်း သိရပြီး NOC သူဌေးဗီးနပ်ဆင်ပိုင်ဆိုင်ခဲ့ပြီး ဒေသခံ တစ်ဦးဖြစ်သူ ဆရာခွေးမှဝယ်ယူခဲ့ကာ ရုပ်ရှင်ပြသခဲ့ခြင်းဖြစ်သည်။

ထို့နောက်ဆရာခွေးလက်ထဲမှ ပြည်သူပိုင်အသိမ်းခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများ ပြောကြားချက်အရ သိရသည်။

“သိထားတာက ရုပ်ရှင်ရုံဆိုတာ အများပြည်သူပိုင်တာဖြစ်တယ်၊ အများသူပိုင်ဖြစ်တဲ့အတွက် တစ်ဦးတစ်ယောက်အပိုင်လုပ်ပြီး ရောင်းချမယ်ဆိုတာ လက်မခံဘူး၊ သူတို့ ကတိကဝတ်ပြုတဲ့အတိုင်း အဆင့်မြင့်ရုပ်ရှင်ရုံ ပြန်လည်ဆောက်မယ်ဆိုရင်တော့ လက်ခံပါမယ်။” ဟု အဆိုပါရပ်ကွက်နေ ဦးမြင့်ငွေက မဇ္စျိမသို့ ပြောသည်။

ဒေသခံများအနေဖြင့် ၎င်းတို့၏ ရုပ်ရှင်ရုံမြေနေရာကို ရောင်းချမှု မပြုလုပ်ရန်သာလိုလားနေကြပြီး ဇန်နဝါရီ ၂၀ ရက်နေ့က တွေ့ဆုံသော ဆွေးနွေးပွဲမှလည်း ထိုမြေနေရာကို မရောင်းချဖို့ သဘောတူခဲ့ကြသည်။

လက်ရှိတွင် ၎င်းတို့က ရုပ်ရှင်ရုံမြေနေရာနှင့် ပတ်သက်ပြီး ရှေ့ဆက်လုပ်ငန်းစဉ်များကို ချမှတ်ကာ ဆန္ဒဖော်ထုတ်၍ တားမြစ်ကန့်ကွက်သွားမည်ဟုလည်း ထို တွေ့ဆုံပွဲ၏ ရလဒ်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly