တောင်တွင်းကြီး၊ ဇန်နဝါရီ ၂၀ ။ ။ တောင်တွင်းကြီး-မြို့ သစ်ကားလမ်း၊ ခင်တဲကျေးရွာအနီး ငမင်တံတားပေါ်တွင် ဇန်နဝါရီလ ၁၉ ရက်နေ့ ညနေ၃ နာရီခွဲအချိန်ခန့်က ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားကြောင်း တောင်တွင်းကြီးမြို့မရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ နတ်မောက်ဘက်မှ တောင်တွင်းကြီးဘက်သို့ ယာဉ်မောင်း ထွန်းမြင့်အေး(ဘ)ဦးမြင့်စိန်(သ)၄၂ နှစ်၊သဲဖြူကျေးရွာ၊သရက်မြို့ နေသူ မောင်းနှင်လာပြီး၊ယာဉ်ပေါ်တွင် အောင်နိုင်ထွန်း(ဘ)ဦးသန်းအောင်(သ)၃၅ နှစ်၊မွန်းစကျေးရွာ၊ဆင်ပေါင်ဝဲမြို့ နေသူ လိုက်ပါစီးနင်းလာသည့် 4L.........-AUTO LIFAN (ကြက်သွေးရောင်)ယာဉ်သည် မိုင်တိုင်အမှတ်(၂/၇)အရောက်တွင် အရက်သေစာသောက်စားပြီး ယာဉ်အား မဆင်မခြင် အရှိန်ပြင်းစွာ လမ်းအပြည့်မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ ငမင်တံတား ယာဘက်လက်ရန်းအုတ်ခုံအား ဝင်ရောက်တိုက်မိခဲ့ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ယင်းယာဉ်တိုက်မှုကြောင့် ငမင်တံတားယာဘက်လက်ရန်းအုတ်ခုံ အင်္ဂတေအနည်းငယ်ကွာကျပျက်စီးပြီး ယာဉ်မှာ လမ်း၏ဝဲဘက်ခြမ်းသို့ တိမ်းမှောက်ခဲ့သဖြင့် ထွန်းမြင့်အေးတွင် ခေါင်းမူးနောက် (မစိုးရိမ်ရ)နှင့်အောင်နိုင်ထွန်းတွင် ယာဘက်ပုခုံးပေါက်ပြဲဒဏ်ရာ၊ ယာဘက်နှုတ်ခမ်းပေါက်ပြဲဒဏ်ရာ ၊ မျက်နှာယာဘက်ပါးပြင် ပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်အား မဆင်မခြင် အရှိန်ပြင်းစွာ မောင်းနှင်သူ ထွန်းမြင့်အေးအား တောင်တွင်းကြီးမြို့မရဲစခန်းမှ ယာဉ်(ပ)၇/၂၀၁၉၊ရာဇသတ်ကြီးပုဒ်မ-၂၇၉/၃၃၇ ဖြင့် အမှုရေးဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။