မနောကွင်းအား အသုံးမပြုရန် တားသော်လည်း ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မပြောင်း

မနောကွင်းအား အသုံးမပြုရန် တားသော်လည်း ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မပြောင်း
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၂ ဖေဖော်ဝါရီ ၂၄ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ-အီးပီအေ)

မဇ္ဈိမ၊ စက်တင်ဘာ ၃၀ ။           ။ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ မနောကွင်းနှင့် မဂျွယ်ခန်းမအား မဲဆွယ်စည်းရုံးဟောပြောခွင့်မပြုရဟု ပြည်နယ်အစိုးရမှ ထုတ်ပြန်ထားသော်လည်း ဒေါ်အောင်ဆန်းစုကြည်ကမူ အောက်တိုဘာ ၂ ရက်နေ့၌် ဟောပြောမည်ဟု ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သိရသည်။

ကချင်မျိုးနွယ်အားလုံး၏ အထွဋ်အမြတ်အဖြစ် သတ်မှတ်ထားသဖြင့် ပါတီ၊ အဖွဲ့အစည်း၊ တစ်ဦးတစ်ယောက်အတွက် သုံးစွဲခြင်းအား ခွင့်ပြုပါက ပါတီများအတွင်း၊ လူမျိုးစုအတွင်းပြဿနာ များဖြစ်ပွားလာနိုင် သည်ဟု အကြောင်းပြ၍  ဝန်ကြီးချုပ်ကိုယ်စား အတွင်းရေးမှူး ဦးဇော်သိန်းက ကချင်လူမျိုးများရိုးရာယဉ်ကျေးမှုကော်မတီသို့ စာထုတ် အကြောင်းကြားထားသည်။

NLD ပြည်နယ်ရွေးကောက်ပွဲအောင်နိုင်ရေး သတင်းနှင့် ပြန်ကြားရေး အဖွဲ့ဝင် ဦးကျော်ကျော်ဦးကမူ ''ဟောပြောမယ့်နေရာကို တင်ပြပြီးရင် လုပ်လို့ရတယ်ဆိုတာ ရွေးကောက်ပွဲဥပဒေမှာ ပြဋ္ဌာန်းပြီးသား၊ မနောကွင်းက အစိုးရ ပိုင်တာမဟုတ်ဘူး၊ ကချင်ရိုးရာကော်မတီကပိုင်တာ သူတို့ကို ခွင့်ပြုချက်တောင်းတယ်။ သူတို့ကလည်းခွင့်ပြုတယ်။ ကျွန်တော်တို့ကတော့ အဲ့ဒီနေရာမှာဘဲ လုပ်မှာပါ။ နေရာမရွှေ့ ပါဘူး။'' ဟု  မဇ္ဈိမသို့ ပြောကြားသည်။

ကချင်လူမျိုးများရိုးရာယဉ်ကျေးမှုဗဟိုကော်မတီပိုင် မနေကွင်းနေရာအား စက်တင်ဘာ ၂၂ ရက်နေ့၌ ပြုလုပ်သည့် အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် လူထုတွေ့ဆုံပွဲနေရာအဖြစ် အသုံးပြုခွင့်ပေးကြောင်း ကချင်လူမျိုးများရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီ ဥက္ကဌ က လက်မှတ်ရေးထိုး၍ စက်တင်ဘာ ၂၃ တွင် NLD မြစ်ကြီးနားမြို့နယ် ဥက္ကဌအား အကြောင်းကြားထားပြီးဖြစ်သည်။

မနောကွင်းနှင့် မဂျွယ်ခန်းမအား သုံးခွင့်ပေးခြင်းကြောင့် နိုင်ငံရေးပါတီများနှင့် မျိုးနွယ်စုများအကြား ပြဿနာဖြစ်ပွားလာပါက သက်ဆိုင်ရာတာဝန်ရှိသည့် ပုဂ္ဂိုလ်များအား ဥပဒေနှင့်အညီ အရေးယူမည် ဟုဖော်ပြပါရှိသည့် အတွင်းရေးမှူး ဦးဇော်သိန်း ၏စာသည် အတည်ဖြစ်ပြီး ယနေ့ထိ မဖျက်သိမ်းရသေးကြောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ ဦးနောင်တိန်က မဇ္ဈိမသို့ ပြောသည်။

ကချင်ပြည်နယ်၊ NLD ရွေးကောက်ပွဲအောင်နိုင်ရေး ဥက္ကဋ္ဌ ဦးဝင်းဗိုလ်ကမူ ''ကျွန်တော်တို့ ပြည်နယ်အစိုးရနဲ့ ညှိနှိုင်းစရာ အကြောင်းမရှိဘူး။ ရွေးကောက်ပွဲကော်မရှင်နဲ့ဘဲ အဓိက ညှိနှိုင်းသွားမှာပါ။'' ဟု မဇ္ဈိမသို့ ဖြေကြားသည်။

မနောကွင်းတွင် မဲဆွယ်စည်းရုံးခွင့်မပြုသည့် အကြောင်းကြားစာမိတ္တူအား ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံးကလည်း လက်ခံရရှိထားသည်ဟု ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးမောင်မောင်ကွန်းက ပြောသည်။ မနောကွင်း၌ မဲဆွယ်စည်းရုံးဟောပြောခွင့်ကို NLD ပါတီ တစ်ခုတည်းသာ တင်ထားခြင်းဖြစ်ပြီး၊ ကော်မရှင် ဆွေးနွေးညှိနှိုင်းနေသည်ဟု ၎င်းက မဇ္ဈိမသို့ ပြော ကြားသည်။

ကချင်ပြည်နယ်အတွင်း အခြားပါတီ ၁၇ ပါတီနှင့် အတူပါဝင်ယှဉ်ပြိုင်မည့် ကချင်ပြည်နယ် ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဦးမနမ်တူးဂျာက ''ပြည်နယ်အစိုးရက ကချင်မျိုးနွယ်စုတွေနဲ့ သက်ဆိုင် တဲ့နေရာဖြစ်လို့ ပါတီတစ်ခုကို ဌားလိုက်ရင် နောက်ပါတီတွေကလာ ဌားမယ်၊ ရှုပ်ရှုပ်ယှက်ယှက် ဖြစ်မှာစိုးလို့မဌားတာနေမှာပါ။ ပါတီ အချင်းချင်းက အပြိုင်အဆိုင်ပြောဆိုကြမယ်။ ခုခွင့်ပြုလိုက်ရင် နောက်ပိုင်းရှုပ်ကုန်မယ့် စိုးရိမ်စိတ်နဲ့ တားမြစ်တာလို့ထင်ပါတယ်။'' ဟု ၎င်း၏အမြင်ကိုပြောသည်။

ပြည်ခိုင်ဖြိုး ပါတီရုံးသို့လည်း အစိုးရအဖွဲ့၏ အကြောင်းကြားစာရောက်ရှိပြီး၊ ထိုမနောကွင်းတွင် မဲဆွယ်ဟောပြောရန် ခွင့်ပြုမိန့်တောင်းခံခြင်းမရှိဘဲ၊ ပါတီအနေဖြင့် ကချင်ပြည်နယ် အတွင်း မြို့နယ် ၁၈ မြို့နယ်တွင် စည်းရုံးရေးလုပ်နေသည်ဟု ကချင်ပြည်နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုကော်မတီဝင်၊ ပြည်နယ်တွဲဖက်အတွင်းရေးမှူး ဦးစိုးသိန်းက ပြောကြားသည်။

မနောကွင်းအနီး စီတာပူရပ်ကွက်တွင် နေထိုင်သော ကချင်အမျိုးသမီးတစ်ဦးကမှု မဂျွယ်ခန်းမထဲတွင် ကချင်လူမျိုးအပြင် အခြားလူမျိုးများ၏ မင်္ဂလာဧည့်ခံပွဲများ ပြုလုပ်ခြင်းနှင့် မနောကွင်းအတွင်း စတိတ်ရှိုးပွဲများ မကြာခဏပြုလုပ်လေ့ရှိသည်ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly