YBS ယာဉ်ပေါ်ခါးပိုက်နှိုက်နေသူနှစ်ဦးကို ဖမ်းဆီးရာ ခုခံသဖြင့် လုံးထွေးဖမ်းဆီး

YBS ယာဉ်ပေါ်ခါးပိုက်နှိုက်နေသူနှစ်ဦးကို ဖမ်းဆီးရာ ခုခံသဖြင့် လုံးထွေးဖမ်းဆီး
ဓာတ်ပုံ- ရန်ကုန်တိုင်းရဲတပ်ဖွဲ့

ရန်ကုန်၊ ဇန်နဝါရီလ ၁၉ ။             ။ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ အမှတ် ၈ ရပ်ကွက်၊ လမ်းဝကားမှတ်တိုင် YBS အမှတ် ၁၆  ယာဉ်လိုင်းပေါ်တွင် ခါးပိုက်နှိုက်သူနှစ်ဦးကို ဖမ်းဆီးရာ ပြန်လည်ခုခံသဖြင့် လုံးထွေးဖမ်းဆီးခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

ခါးပိုက်နှိုက်သူနှစ်ဦးမှာ မင်္ဂလာဒုံမြို့နယ် ၊ ရဲစုမြောက်ပိုင်းရပ်ကွက်တွင်နေထိုင်သော အသက် ၁၈ နှစ်အရွယ် ဟိန်းထက်အောင်(ခ)ပြူးလေးနှင့် အသက် ၁၇ နှစ်အရွယ် မိုးယံထက် (ခ)ပါကျဲ တို့ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ဇန်နဝါရီလ ၁၉ ရက်၊ ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

အနောက်ပိုင်းခရိုင်၊ မှုခင်းနှိမ်နင်းရေးဌာနစုမှ ရဲတပ်ဖွဲ့ဝင်များက ခါးပိုက်နှိုက်မှု ဖမ်းဆီးရမိနိုင်ရေး စုံစမ်းနေစဉ် ဇန်နဝါရီလ ၁၇ ရက်၊ နံနက် ၈ နာရီခွဲအချိန်ခန့်တွင် ၎င်းတို့နှစ်ဦးအား YBS အမှတ် ၁၆  ယာဉ်လိုင်းပေါ်၌ ခါးပိုက်နှိုက်နေသည်ကို တွေ့ရှိဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသူ ဟိန်းထက်အောင်(ခ)ပြူးလေးနှင့် မိုးယံထက်(ခ)ပါကျဲ တို့ ၂ ဦးကို စစ်ဆေးခဲ့ရာ ဟိန်းထက်အောင်လွယ်ထားသော ဘေးလွယ်အိတ်အတွင်းမှ ခါပိုက်နှိုက်ယူ ရရှိထားသောငွေ ၈၂ဝဝဝ ကျပ်အားတွေ့ရှိသဖြင့် ၎င်းငွေနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းခဲ့ရာ ၎င်းတို့နှစ်ဦးမှာ YBS အမှတ် ၁၆  ယာဉ်ပေါ်ပါ အသက် ၂ဝ နှစ်ခန့်ရှိ ခရီးသည်အမျိုးသမီးတစ်ဦး၏ ဆလင်းဘတ်အိတ်၏ ဇစ်အားတွန်းဖွင့်ပြီး ဟိန်းထက်အောင် (ခ)ပြူးလေးမှ ခါးပိုက်နှိုက်ယူစဉ် မိုးယံလင်းထက်(ခ)ပါကျဲမှ လူကာပေးခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

လက်ရှိတွင် အသက် ၁၈ နှစ်အရွယ် ဟိန်းထက်အောင်(ခ)ပြူးလေးနှင့် အသက် ၁၇ နှစ်အရွယ် မိုးယံထက် (ခ)ပါကျဲတို့ နှစ်ဦးအား မရမ်းကုန်းမြို့မရဲစခန်းတွင် (ပ)၆၅/၂ဝ၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉(နှိုက်)/ ကျင့်၅၄ ဖြင့် အမှုရေးဖွင့်ထားသည်။

ဆက်လက်ပြီး ရဲတပ်ဖွဲ့မှ မွန်းလွဲ ၂ နာရီဝန်းကျင်အချိန်ခန့် ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ဦးဥတ္တမပန်းခြံ အတွင်းရှိ Happy World ကစားကွင်းရှေ့လမ်းမပေါ်တွင် အသွင်ယူစောင့်ကြည့်နေစဉ် မသင်္ကာဖွယ် တွေ့ရှိသူ ကျော်ဝင်း(ခ)ဒေးဗစ်အား ခေါ်ယူစစ်ဆေးခဲ့ရာမှ ခါးပိုက်နှိုက်မှုကျူးလွန်ထားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ သည်ဟု ရဲထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုသို့ ခါးပိုက်နှိုက်မှုကျူးလွန်ခဲ့သူ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံမြို့နယ်၊ ကျူးကျော်ရပ်ကွက်တွင် နေထိုင်သော ကျော်ဝင်း(ခ)ဒေးဗစ်ကိုလည်း လက်ရှိတွင် ဒဂုံမြို့မရဲစခန်းတွင် (ပ)၅/၂ဝ၁၉ ၊ ရာဇသတ်ကြီးပုဒ်မ- ၃၇၉/ကျင့်၅၄ ဖြင့် အမှုရေးဖွင့်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly