ပါတီစုံခေတ်တွင် နိုင်ငံရေးပါတီများပြားလာခြင်းကို အပြစ်မတင်ကြရန် ဦးကိုကိုကြီးပြော

ပါတီစုံခေတ်တွင် နိုင်ငံရေးပါတီများပြားလာခြင်းကို အပြစ်မတင်ကြရန် ဦးကိုကိုကြီးပြော
ဓာတ်ပုံ - သက်ကို

ရန်ကုန်၊ ဇန်နဝါရီ ၁၉ ။           ။ ပါတီစုံဒီမိုကရေစီခေတ်တွင် နိုင်ငံရေးပါတီများပြားလာခြင်းကို အပြစ်မတင်ကြရန် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက တိုက်တွန်းပြောဆိုလိုက်သည်။

ပြည်သူ့ပါတီ၏ ရန်ကုန်တိုင်းရုံးခွဲ ဖွင့်လှစ်ခဲ့သည့် တောင်ဥက္ကလာပမြို့နယ်ရှိ သုမင်္ဂလာလမ်းတွင် ဇန်နဝါရီ ၁၉ ရက်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ ပါတီစုံဒီမိုကရေစီတောင်းပြီးတော့ ပါတီများတာကို အပြစ်တင်တဲ့ သူတွေ၊ ကွဲတာကို အပြစ်ပြောတဲ့ သူတွေ ပြန်စဉ်းစားစေချင်တယ်။ အကွဲမကြိုက်ရင် တစ်မိန့်တစ်အာဏာအောက်မှာ နေပေါ့။ ကွဲခွင့်မရှိဘူး။ ကျွန်တော်တို့ က ဒီမိုကရေစီတောင်းတယ်ဆိုတာက အရင်ဆုံး လက်ခံထားရမှာက ကွဲခွင့်ရှိတယ်။ မတူတာတွေရှိတယ်။ အဲဒီ မတူတာတွေကို လက်ခံတဲ့အသိအမှတ်ပြုတဲ့ ယဉ်ကျေးမှု အဲဒါ ဒီမိုကရေစီ” ဟု ဦးကိုကိုကြီးက ဆိုသည်။

တစ်သက်လုံးလွတ်လပ်ခွင့်မရရှိခဲ့သည့် ပြည်သူများသည် နိုင်ငံရေးပွင့်လင်းလာသည့်အခါတွင် နိုင်ငံရေးပါတီ များ အသီးသီးတည်ထောင် ဆောင်ရွက်လာသည်မှာ မထူးဆန်းကြောင်းလည်း ၄င်းက ဆိုသည်။

နိုင်ငံရေးပါတီတစ်ခု၏ အသက်သည် ပြည်သူလူထု၏ထောက်ခံမှုသာဖြစ်သောကြောင့် ကာလတစ်ခု ရောက်သည့်အချိန်တွင် ပြုတ်သည့် ပါတီများ၊ ပေါင်းသည့်ပါတီများအပြင် ကွဲကြသည့်ပါတီများလည်းရှိလာပြီး စစ်သွားမည်ဟုလည်း ဦးကိုကိုကြီးကဆိုသည်။

ထို့ကြောင့်  ပြည်သူ့ပါတီ အနေဖြင့် ပြည်သူများ၏အသံကို နားထောင်ပြီး ပြည်သူကို ကိုယ်စားပြုနိုင်ရန်အတွက် အခိုင်အမာ ကြိုးစားသွားမည်ဖြစ်ကြောင်းလည်း ပါတီဒုဥက္ကဋ္ဌ ဦးမင်းဇေယျက ပြောသည်။

ထို့အပြင် ပြည်သူပါတီအနေဖြင့် ပါတီကိုဝေဖန်ခြင်း၊ တိုင်ပင်အကြံပြုခြင်းတို့ကို ကြိုဆိုကြောင်းနှင့် ရည်ရွယ်ချက် ရှိရှိ တိုက်ခိုက်ဝေဖန် သူများကိုလည်း ဝေဖန်ရန်မရှိကြောင်းလည်း အဆိုပါပွဲမှသိရသည်။

ပြည်သူ့ပါတီအနေဖြင့် ရန်ကုန်မြို့တွင် ပါတီဗဟိုဌာနချုပ်ရုံးထားရှိပြီး မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး တို့အပြင် မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင်လည်း ရုံးခွဲအချို့ဖွင့်လှစ်ထားပြီးလည်းဖြစ်သည်။

လက်ရှိ ရွေးကောက်ပွဲကော်မရှင်မှ ခွင့်ပြုထားသည့် နိုင်ငံရေးပါတီ ၉၆ ခုရှိနေပြီး ၂၀၂၀ ရွေးကောက်ပွဲအမီ ပြင်ဆင်လာကြခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly