အရပ်သားများဘေးကင်းရေးနှင့် အကူညီများပေးပို့နိုင်ရေးအတွက် ကုလသမဂ္ဂ တိုက်တွန်း

အရပ်သားများဘေးကင်းရေးနှင့် အကူညီများပေးပို့နိုင်ရေးအတွက် ကုလသမဂ္ဂ တိုက်တွန်း
ကျောက်တော်မြို့နယ်၊ ဝါးတောင်ရွာအနီးရှိ လူဦးရေ ၁၃၀၀ ကျော်ရှိ ဝါးတောင်စစ်ရှောင်စခန်းအား ဇန်နဝါရီလ ၆ ရက်က တွေ့မြင်ရစဉ်။ ဓာတ်ပုံ - အေးချမ်းခိုင်

ဇန်နဝါရီ ၁၉ ။            ။ AA နှင့်တပ်မတော်ကြား တိုက်ပွဲများနှင့်ပတ်သက်ပြီး အရပ်သားဒေသခံများ ဘေးကင်းလုံခြုံရေးနှင့် ပြည်တွင်း ဒုက္ခသည်များထံ အကူအညီများ ပေးပို့နိုင်ရေးတို့အတွက် ဇန်နဝါရီလ ၁၈ ရက်က ကုလသမဂ္ဂမှ တိုက်တွန်းချက် ထုတ်ပြန်ခဲ့သည်။

ချင်းပြည်နယ်နှင့် ရခိုင််ပြည်နယ် မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် တိုက်ပွဲများ အရှိန်မြင့်နေခြင််းကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က သတိပေးဖော်ပြထားပြီး ပါဝင်သူအားလုံးအနေဖြင့် စစ်အင်အား အလွန်အကျွံမသုံးစွဲရန်နှင့် အရပ်သားများ ဘေးကင်းလုံခြုံရေးကို စိတ်ချရစေရန် ပြောဆိုတိုက်တွန်းထားသည်။

“နှစ်ဖက်စလုံးအနေနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြရန် လိုပြီး အရပ်သားတွေကို ကာကွယ်ပေးနိုင်ဖို့ အာမခံချက် ပေးနိုင်ရမှာ ဖြစ်တယ်။”ဟု ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီလီက ပြောသည်။

လက်ရှိအချိန်တွင် AA နှင့်တပ်မတော်ကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာရသူ ၅၀၀၀ ခန့် ရှိနေသည်ဟု ဖော်ပြထားပြီး ၂၀၁၉ ဇန်နဝါရီ ၄ ရက်၌ နယ်ခြားစောင့်ရဲကင်းစခန်း လေးခုကို AA က တိုက်ခိုက်ခြင်းကိုလည်း ကုလသမဂ္ဂမှ ရှုတ်ချထားသည်ဟု ဆိုသည်။

“ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတာတွေက ကျွန်မကို သတိပေးနေတယ်။ ဆယ်စုနှစ်များစွာ တိုင်းရင်းသား တွေအပေါ် တပ်မတော်ရဲ့ ပြုမူလုပ်ဆောင်ပုံတွေနဲ့ ပတ်သက်ပြီး အမှှတ်ရစေတယ်။ ရခိုင်၊ မြို၊  ဒိုင်းနက်၊ ဟိန္ဒူ၊ ဘင်္ဂါလီမွတ်စလင်(မူရင်း ရိုဟင်ဂျာဟု ဖော်ပြ)တွေ အပါအဝင် ရခိုင်ပြည်နယ်က ပြည်သူအားလုံး ခံစားကြုံတွေ့ နေရတယ်။”ဟု အထူးကိုယ်စားလှယ် ယန်ဟီလီ၏ ပြောဆိုချက်ကို ယင်းထုတ်ပြန်စာတွင် ဖော်ပြထားသည်။

ဇန်နဝါရီ ၁၀ ၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်နှင့် နိုင်ငံတကာ ကြက်ခြေနီအသင်း တို့မှအပ ကုလသမဂ္ဂနှင့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားရေးအေဂျင်စီများထံ စာတစ်စောင် ရေးသားပေးပို့ခဲ့ကာ  အဆိုပါ စာတွင် စစ်ပွဲများ သက်ရောက်ရာ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့တို့ဖြစ်သည့် ရခိုင်မြောက်ပိုင်းက မြို့နယ်ငါးမြို့နယ်သို့ သွားရောက်လုပ်ငန်း ဆောင်ရွက်မှုများကို ရပ်ဆိုင်းကြောင်း ရေးသားထားသည်ဟု ဆိုသည်။

“တိုက်ပွဲတွေက ထွက်ပြေးလာတဲ့ သူတွေဆီ အကူအညီတွေ ရောက်ရှိဖို့က အရမ်း အရေးကြီးပါတယ်။ အစိုးရအနေနဲ့ လူသားချင်းစာနာထောက်ထားရေး အဖွဲ့အစည်းတွေကို သွားရောက်ခွင့် ပိတ်ထားတဲ့ ဆုံးဖြတ်ချက်ကို ချက်ချင်း ပြန်ပြီး သုံးသပ်သင့်တယ်။ ဒီလို လူသားချင်းစာနာထောက်ထားရေး အကူအညီကို ပိတ်တာဟာ နိုင်ငံတကာဥပဒေကို ပြင်းပြင်းထန်ထန် ချိုးဖောက်မှုမြောက်တယ်လို့ အစိုးရနဲ့ တပ်မတော်ကို ကျွန်မ သိစေချင်ပါတယ်။”ဟု ယန်ဟီလီက ပြောခဲ့သည်။

အစိုးရဘက်မူ “ကန့်သတ်နယ်မြေတွေဆိုရင်တော့ ဟုတ်ပါတယ်။ ဒါပေမယ့် ပုံမှန်တော့ သွားလာနေကြပါတယ်။ တိုက်ပွဲဖြစ်နေ တဲ့နေရာတွေပေ့ါ၊ အန္တရာယ်ဖြစ်နိုင်တဲ့နေရာတွေကိုတော့ သွားခွင့်မပေးဘူးလေ။ ပုံမှန်နေရာတွေတော့ သွားနေကြတာပဲ”ဟု ညွှန်ကြားချက်ထုတ်ပြန်ထားသည့်ကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်၊ စည်ပင်သာယာ ရေးဝန်ကြီး ဦးဝင်းမြင့်က မဇ္စျိမကို  ဇန်နဝါရီလ ၁၁ ရက်က ပြောထားသည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာကြက်ခြေနီ (ICRC) နှင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) အဖွဲ့ ၂ ဖွဲ့မှ လွဲ၍ ကျန်သည့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများဖြစ်သည့် UN/ INGO/ NGO အဖွဲ့အစည်းများအား သွားလာခွင့်ပိတ်ထားခြင်း ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly