မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ ညာလက်ရုံး ဝါရှင်တန်သို့ ရောက်ရှိ

မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ ညာလက်ရုံး ဝါရှင်တန်သို့ ရောက်ရှိ
Photo: AFP

ဝါရှင်တန်၊ ဇန်နဝါရီ ၁၈ ။       ။ မြောက်ကိုရီးယား ထိပ်တန်းတာဝန်ရှိသူ ကင်ယောင်ချိုးဟာ အမေရိကန် အဆင့်တူ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဝါရှင်တန်ဆီ ရောက်ရှိလာပြီဖြစ်ကြောင်း သတင်းတွေက ဖော်ပြပါတယ်။ 

မျှော်လင့်ထားကြတဲ့ သမ္မတ ထရမ့်နဲ့ ပြုံးယမ်းခေါင်းဆောင် ကင်ဂျုံးအန်တို့ကြားက ဒုတိယမြောက် ထိပ်သီးအစည်းအဝေး မတိုင်ခင်မှာ ကင်ဂျုံးအန်ရဲ့ ညာလက်ရုံးဖြစ်တဲ့ ကင်ယောင်ချိုးက အမေရိကန်ဆီ ဦးစွာလာရောက်တာလည်း ဖြစ်ပါတယ်။ 

ကင်ယောင်ချိုးဟာ နျူကလီးယားဖျက်သိမ်းရေး ဆွေးနွေးပွဲတွေမှာ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ပွန်ပီယိုနဲ့ တစ်တန်းတည်းထား ဆွေးနွေးတဲ့ မြောက်ကိုရီးယား ထိပ်တန်းတာဝန်ရှိသူတစ်ဦးပဲ ဖြစ်ပါတယ်။ 

ပြုံးယမ်းကနေ တရုတ်နိုင်ငံဆီ အရင် ဝင်ရောက်ခဲ့တဲ့ ကင်ယောင်ချိုးဟာ ပေကျင်းလေဆိပ်ကနေ လေယာဉ်နဲ့ ဝါရှင်တန်ဆီ ကြာသပတေးနေ့ ညနေ ၆ နာရီ မိနစ် ၅၀ မှာ ရောက်ရှိခဲ့တာဖြစ်နိုင်တယ်လို့ တောင်ကိုရီးယား ယွန်ဟတ်သတင်းဌာနက ဖော်ပြပါတယ်။ 

၎င်းနဲ့အတူ မြောက်ကိုရီးယား တာဝန်ရှိသူနှစ်ဦးလည်း လိုက်ပါလာတယ်လို့ ယင်းသတင်းဌာနက ထပ်လောင်းဖော်ပြပါတယ်။ 

ကင်ယောင်ချိုးအနေနဲ့ သောကြာနေ့မှာ ပွန်ပီယိုနဲ့ အရင် တွေ့ဆုံပြီးနောက်မှာ သမ္မတ ထရမ့်ကို နှုတ်ခွန်းဆက်စကား ပြောကြားဖို့ ရှိတယ်လို့ ယွန်ဟတ်သတင်းက ဆိုပါတယ်။ ဒါ့အပြင် ၎င်းတို့ ခေါင်းဆောင် ကင်ဂျုံးအန်ထံမှ သမ္မတ ထရမ့်ဆီ ပါးလိုက်တဲ့ စာတစ်စောင်လည်း ၎င်းနဲ့အတူ ပါလာနိုင်တယ်လို့လည်း ဆိုထားပါတယ်။ 

ကင်ယောင်ချိုးရဲ့ အခု ဝါရှင်တန်ခရီးစဉ်ဟာ ဗီယက်နမ် ဒါမှမဟုတ် ထိုင်းမှာ ကျင်းပဖြစ်ဖွယ်ရှိတဲ့ ထရမ့်နဲ့ ကင်ဂျုံးအန်တို့ရဲ့ ဒုတိယအကြိမ် ထိပ်သီးညီလာခံအတွက် ထင်ကြေးတွေ မြင့်မားနေချိန်မှာ လာရောက်တဲ့ ခရီးစဉ်လည်းပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly