နိုင်ငံခြားခရီးသည်တင်သင်္ဘောများတွင် မြန်မာအမျိုးသမီးဝန်ထမ်းများ တာဝန်ထမ်းနိုင်ရန် ဆွေးနွေးနေ

နိုင်ငံခြားခရီးသည်တင်သင်္ဘောများတွင် မြန်မာအမျိုးသမီးဝန်ထမ်းများ တာဝန်ထမ်းနိုင်ရန် ဆွေးနွေးနေ

ဇန်နဝါရီ ၁၈ ။          ။ နိုင်ငံခြားခရီးသည်တင်သင်္ဘော (Passenger Ship) များတွင် မြန်မာအမျိုးသမီး သင်္ဘောဝန်ထမ်းများကို တရားဝင် တာဝန်ထမ်းနိုင်ရန်အတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆွေးနွေးမှုများလုပ်ဆောင်နေကြောင်း ဧရာဝတီ တိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ၅ မှ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်းက ပြောသည်။

 "နိုင်ငံခြားခရီးသည်တင်သင်္ဘောကို အဓိကရည်ရွယ်တာ။ အဲဒီက အလုပ်အကိုင်အခွင့်အရေးက နောက် ၂၀၂၅ ထင်တယ် အဲဒီကျရင် သင်္ဘောအစင်း ၅ဝလောက် သူတို့ဆောက်မယ်ဆိုရင် လူက လေးသိန်းလောက်လိုမယ် ပြောတယ်။ အခု ဂျာမန်ကုမ္ပဏီက သူတို့သံအမတ်ကြီးက ဒါကိုလုပ်ပေးပါ သူတို့ဆီမှာ တကယ်လိုအပ်လို့ဆိုပြီး တော့ ခေါ်တာ။ သူတို့စပြီးတော့ သင်တန်းတွေလုပ်တာနဲ့တင် ဒေါ်လာ ၅၀၀ လောက်အခြေခံကရတယ်။ သင် တန်းတက်တာနဲ့တင်" ဟု ဦးမောင်မောင်အုန်းက ပြောသည်။

နိုင်ငံခြားခရီးသည်တင်သင်္ဘော (Passenger Ship) များတွင် မြန်မာအမျိုးသမီးဝန်ထမ်းများ တရားဝင်တာဝန်ထမ်း နိုင်ရန်အတွက် ဇန်နဝါရီ ၁၈ရက်က ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် လွှတ်တော်ကိုယ်စား လှယ်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ ဒုတိယအကြိမ်အစည်းအဝေး ပြုလုပ်ခဲ့သည်။

လက်ရှိတွင် အမျိုးသမီး သင်္ဘောသား (Seafarer) များအတွက် သင်္ဘောသားမှတ်ပုံတင် (Seaman Identification & Record Book - SIRB) ထုတ်ပေးခြင်း မရှိသည့်အတွက် အလုပ်အကိုင်နိုင်ငံကူးလက်မှတ် (Job Passport) ဖြင့်သာ သွားရောက်လုပ်ကိုင်နေရခြင်းကြောင့် အခက်အခဲများတွေ့နေရကြောင်း သိရသည်။

 အမျိုးသမီး သင်္ဘောသား (Seafarer)များနှင့် ပတ်သတ်ပြီး ဌာနဆိုင်ရာမှ လက်ရှိအချိန်တွင် ပြင်ဆင်ထားမှုများ မရှိသည့်အတွက် အချိန်ယူပြင်ဆင် ဆောင်ရွက်သွားမည်ဖြစ်ပြီး လိုအပ်ချက်များ ပြည့်စုံမှုရှိလျှင် စတင်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

"လက်မှတ်ထုတ်ပေးဖို့ကတော့ အရင်ဆုံးသူတို့စိစစ်ပြီးရင်တော့ ရှိတဲ့လက်ရှိလုပ်နေတဲ့ဟာကိုတော့ ဦးစားပေး ထုတ်ပေးပါလို့ တောင်းဆိုထားတယ်" ဟု ဦးမောင်မောင်အုန်းက ပြောသည်။

 အမျိုးသမီး သင်္ဘောသားများ(Seafarer) အတွက်လည်း အမျိုးသားများနည်းတူ SIRB လက်မှတ်များ ထုတ်ပေးရန်အတွက် ၂၀၁၈ခုနှစ် ဧပြီ ၂ရက်တွင် ပြုလုပ်ခဲ့သည့် နိုင်ငံတော် ဒုတိယသမ္မတ (၁) ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲ ၁၆ ကြိမ်မြောက် အစည်းအဝေးပွဲတွင်လည်း တင်ပြမှုများရှိခဲ့သည်။

 ၂၀၁၀ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ တစ်နှစ်လျှင် သင်္ဘောသားမှတ်ပုံတင်ထားသူ (၁) သောင်းခန့် တိုးလာသော် လည်း၊ မှတ်ပုံတင်ထားသူများထဲမှ အလုပ်အကိုင်ရရှိမှုမှာ ၂၀၁၀ တွင် ၅၀.၃ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ၂၀.၆ရာခိုင်နှုန်း သာရှိကြောင်း နိုင်ငံတော် ဒုတိယ သမ္မတ (၁) နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲ ၁၆ ကြိမ်မြောက် အစည်းအဝေးပွဲမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required