မြန်မာအိမ်အကူကို နှိပ်စက်သည့် စင်ကာပူအိမ်ရှင်မကို အပြစ်ရှိကြောင်း စီရင်ချက်ချ

မြန်မာအိမ်အကူကို နှိပ်စက်သည့် စင်ကာပူအိမ်ရှင်မကို အပြစ်ရှိကြောင်း စီရင်ချက်ချ

စင်ကာပူ၊ ဇန်နဝါရီ ၁၈ ။             ။ မြန်မာအိမ်အကူတစ်ဦးကို ရေနွေးပူလောင်အောင် လုပ်ခြင်း၊ ကြမ်းတိုက်အဝတ်မှ စိုနေတဲ့ ရေကို သောက်ခိုင်းခြင်းတွေ အပါအဝင် နိုင်ထက်စီးနင်းပြုမှုတဲ့ စင်ကာပူအိမ်ရှင်မတစ်ဦးကို တရားရုံးက အပြစ်ရှိတယ်လို့ သောကြာနေ့မှာ စီရင်ချက် ချကြောင်း အေအက်ဖ်ပီသတင်းက ဖော်ပြပါတယ်။

 အိမ်အကူ မဖြူဖြူမာကို နိုင်ထက်စီးနင်းပြုကျင့်တာဟာ ၂၀၁၆ သြဂုတ်လကနေ အောက်တိုဘာလအတွင်းမှာ ဖြစ်ပွားတာဖြစ်ပြီး သူ့ကို ငှားထားတဲ့ စင်ကာပူအိမ်ထောင်သည်စုံတွဲရဲ့ နေအိမ်မှာ ဖြစ်ပွားခဲ့တာလို့ တရားရုံးမှတ်တမ်းတွေအရ သိရပါတယ်။

 အိမ်အကူ မဖြူဖြူမာကို ကိုယ်ကိုကို ရေနွေးပူလောင်အောင် လုပ်ဆောင်စေမှုအပါအဝင် စွဲဆိုချက် ခြောက်ရပ်နဲ့ အိမ်ရှင်ဖြစ်တဲ့ အမျိုးသမီး လင်ဒါဆတ်ကို အပြစ်ရှိကြောင်း တရားရုံးက စီရင်ချက် ချလိုက်တာ ဖြစ်ပါတယ်။ အိမ်ရှင်ဖြစ်သူ လင်ဒါဆတ်ရဲ့ အတင်းအကြပ် လုပ်ဆောင်တာကြောင့် မဖြူဖြူမာဟာ ကိုယ့် ဘယ်ပုခုံးကို ကိုယ်ဘာသာ ရေနွေးပူ လောင်းချရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

 အသက် ၃၉ နှစ်ရှိတဲ့ လင်ဒါဆတ်ဟာ မဖြူဖြူမာက အိမ်မှုဝေယျာဝစ္စတွေကို အကုန်ပြီးအောင် လုပ်ရာမှာ နှေးကွေးတယ်ဆိုပြီး စိတ်တိုင်းမကျ ဖြစ်နေခဲ့ကြောင်း Straits Times သတင်းက ဖော်ပြပါတယ်။

 မဖြူဖြူမာမှာ အပူလောင်ဒဏ်ရာနဲ့ ရေနွေးပူလောင် အရည်ကြည်ဖုတွေ ဖြစ်ပေါ်ခဲ့ပေမယ့် လင်ဒါဆတ်ဟာ သူ့ကို ဆရာန်ဆီ ပို့ပေးရမယ့်အစား အရည်ကြည်ဖုတွေကို ဖောက်ပစ်ဖို့ အပ်တစ်ချောင်းပဲ ပေးခဲ့တယ်လို့ သတင်းစာက ဖော်ပြပါတယ်။

 နောက်ထပ်စွဲချက်မှာတော့ ဆတ်ဟာ မဖြူဖြူမာကို ကြမ်းကို ခေါင်းနဲ့ ကိုယ်ဘာသာ ဆောင့်ပြီး ကိုယ်ကိုကို အနာရအောင်လုပ်ဖို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဒါအပြင်လည်း နောက်စွဲချက်တစ်ခုအရ အိမ်ရှင်မဖြစ်သူ လင်ဒါဆတ်က ကြမ်းတိုက်အဝတ်မှာ ရှိနေတဲ့ ရေကို မဖြူဖြူမာကို အတင်းသောက်ခိုင်းခဲ့တယ်လို့ သိရပါတယ်။

 ၂၀၁၆ စက်တင်ဘာနှောင်းပိုင်းမှာ ဆတ်ဟာ မဖြူဖြူမာကို ဆံပင် ဆောင့်ဆွဲပြီး ပတ်ရမ်းပတ်တာကြောင့် ဆံပင်တော်တော်များများ ကျွတ်ထွက်တဲ့အထိ နိုင်ထက်စီးနင်း ပြုခဲ့ကြောင်း နောက်ထပ်စွဲချက်တစ်ခုအဖြစ် အပြစ်ရှိကြောင်း စီရင်ချက် ချခံရတာ ဖြစ်ပါတယ်။

 နောက်ပိုင်း တစ်လအကြာမှာ ဆတ်ဟာ မဖြူဖြူမာရဲ့ နဖူးကို မိုဘိုင်းဖုန်းနဲ့ အကြိမ်ကြိမ် ထုခဲ့တယ်လို့လည်း သိရပါတယ်။

 အိမ်ရှင်အမျိုးသားဖြစ်သူ အသက် ၄၄ နှစ်ရှိ လင်သွန်းလန်းကိုတော့ အိမ်အကူ မဖြူဖြူမာရဲ့ နဖူးကို လက်သီးနဲ့ ထိုးမှုနဲ့ စွဲဆိုထားပါတယ်။

 စွပ်စွဲခံရတဲ့ အိမ်ရှင်လင်မယားဟာ စွဲချက်တွေကို ကျူးလွန်တဲ့ အပြစ်ရှိတယ်လို့ တရားရုံးက သောကြာနေ့မှာ စီရင်ချက်ချ ဆုံးဖြတ်ကြောင်း တရားရုံးတာဝန်ရှိသူတွေက ပြောပါတယ်။ ပြစ်ဒဏ်စီရင်ချက်ကို ဖေဖော်ဝါရီ ၁၁ ရက်မှာ ချမှတ်မှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly