မြိတ် SME ထုတ်ကုန် ဒေသတွင်း ပြပွဲနှင့် ပြိုင်ပွဲတွင် စမတ်ကျွန်း ခရီးစဉ် ပက်ကေ့ချ် စျေးနှုန်း ချရောင်းပေးမည်

မြိတ် SME ထုတ်ကုန် ဒေသတွင်း ပြပွဲနှင့် ပြိုင်ပွဲတွင် စမတ်ကျွန်း ခရီးစဉ် ပက်ကေ့ချ် စျေးနှုန်း ချရောင်းပေးမည်

မြိတ်၊ ဇန်နဝါရီ ၁၈ ။           ။ မြိတ်မြို့၌ ပြုလုပ်မည့် တနင်္သာရီတိုင်း အတွင်းရှိ MSMEs Producst ပြပွဲတွင် မြိတ်ကျွန်း ခရီးစဉ် တစ်ခု ဖြစ်သော စမတ်ကျွန်းကို Promotion အစီအစဉ်ဖြင့် စျေးနှုန်းလျှော့ ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

“ဒီပွဲမှာ ကျွန်တော်တို့ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီး၊  ပူးပေါင်း ပါဝင်ပြသသွားဖို့ရှိပါတယ်၊ ဒီအတွက်ကြောင့် ပြပွဲကာလ ၃ ရက်မှာ ပုံမှန် ခရီးထက် စျေးလျှော့ပြီးတော့ ပြခန်းမှာ လာရောက် ဝယ်ယူမဲ့ ခရီးစဉ်ထဲမှ စမတ်ကျွန်း ခရီးစဉ်ကို Promotion အနေနဲ့ ၆၀၀၀၀ ကျပ်ဖြင့် ရောင်းချပေးသွားမှာ ဖြစ်တယ်”ဟု မြိတ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များ အသင်းမှ ဥက္ကဋ္ဌ ဒေါက်တာ သိန်းဆွေမြင့်က မဇ္စျိမသို့ ပြောသည်။

၎င်းပွဲမှာ တနင်္သာရီတိုင်း အတွင်း မြိတ်မြို့၌ ပထမဦးဆုံး အကြိမ် ပြုလုပ်ခြင်းလည်း ဖြစ်ပြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ကော်မတီမှ ဦးဆောင် ကျင်းပခြင်း ဖြစ်သည်။

ပြပွဲတွင် ပြည်တွင်း ပြည်ပမှ ပြခန်းပေါင်း ၃၀၀ နီးပါး ပါဝင်မည်ဟု သိရသည်။

“ကျွန်တော်တို့ ပြပွဲမှာ ကုမ္ပဏီတစ်ခုတည်း အနေနဲ့ပြမှာ မဟုတ်ပါဘူး၊ အသင်းအနေနဲ့ ပြခန်း ၂ ခုမှာ မြိတ် ခရီးသွား လုပ်ငန်းအနေနဲ့ စုပေါင်းပြီး ပြသပေးသွားမှာ ဖြစ်ပါတယ်၊ ယခု ခရီးစဉ်မှာ foreigner တစ်ဦးကို ၆၀ ဒေါ်လာနဲ့ ဖြစ်ပါတယ်၊ တချို့ ကုမ္ပဏီအနေနဲ့ ပြမယ့် အခန်းတွေ ယူထားတာကတော့ နည်းတယ်”လို့ ဒေါက်တာ သိန်းဆွေမြင့်က ပြောသည်။

ပွဲကာလအတွင်း ကျွန်းစုခရီးစဉ်များအတွက် စျေးနှုန်းလျော့ရောင်းသော ခရီးစဉ်များ၏ ပုံမှန်စျေးမှာ ခရီးစဉ် (၁) လေးကျွန်း+ သမီးလ+ငါးမွေးမြူရေးစခန်းကို ပြည်တွင်း တစ်ဦးကို ၇၀၀၀၀ ကျပ်၊ နိုင်ငံခြား တစ်ဦးကို ၇၀ ဒေါ်လာ၊ ခရီးစဉ် (၂) ဒုံးရေတံခွန်+ ညောင်မှိုင်း+ စမတ် ခရီးစဉ်အား ပြည်တွင်း တစ်ဦးကို ၈၀၀၀၀ ကျပ်၊ နိုင်ငံခြား တစ်ဦးကို ၈၀ ဒေါ်လာနှင့် ခရီးစဉ် (၃) ပုလဲတံခွန်စခန်း+ ဒုံးပုလဲအော်+ စမတ်ခရီးစဉ်များကို ပြည်တွင်း တစ်ဦးကို ၉၅၀၀၀ ကျပ်၊ နိုင်ငံခြား တစ်ဦးကို ၉၅ ဒေါ်လာဖြင့် ပြေးဆွဲပေးလျက်ရှိကြောင်း သိရ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly