ရန်ကုန်စည်ပင်ရွေးကောက်ပွဲ NLD ပါတီဝင်များ ဝင်ပြိုင်မည်

ရန်ကုန်စည်ပင်ရွေးကောက်ပွဲ NLD ပါတီဝင်များ ဝင်ပြိုင်မည်

ရန်ကုန် ၊ ဇန်နဝါရီ ၁၈ ။             ။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင်များ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

“ကျွန်တော်တို့ရဲ့ ပါတီဝင်တွေဟာ ပါတီမူဝါဒနဲ့အညီ အုပ်ချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းအားဖြင့် ပြည်သူကို အနီးကပ်အလုပ်အကျွေးပြုနိုင်ဖို့ ရည်ရွယ်ပါတယ်။ ပါတီဝင်များကို အုပ်ချုပ်ရေးလုပ်ငန်းများ လုပ်ကိုင်တဲ့အတွေ့အကြုံရဖို့ အတွက် ဝင်ပြိုင်စေတာပါ” ဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။

ပါတီမှ ရွေးချယ်သည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးရေးလုပ်ဆောင်ရာတွင် ပါတီအလံ ၊ အမှတ်တံဆိပ်များကို သုံးစွဲခွင့်ရှိမည်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းများအားရွေးချယ်သည့် အရည် အချင်းသတ်မှတ်ချက်အတိုင်းသာ ရွေးချယ်ထားသည်ဟု ၄င်းကဆိုသည်။

ယခင် စည်ပင်သာယာဥပဒေတွင် ကော်မတီဝင်အဖြစ် ရွေးချယ်ခံမည့်သူများသည် ပါတီနိုင်ငံရေး ကင်းရှင်း ရမည်ဟု ဖော်ပြထားသော်လည်း အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေတွင် အဆိုပါအပိုဒ်အားဖြုတ်ချခဲ့ခြင်းကြောင့် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟုလည်း ဒေါက်တာမျိုးညွန့်ကဆိုသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရွေးကောက်ပွဲကို မတ်လ ၃၁ ရက်နေ့တွင် ပြုလုပ် သွားမည် ဖြစ်ကာ ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များအနေဖြင့် လျှောက်လွှာများကို ဇန်နဝါရီ ၁၈ရက်နေ့ မှ ဇန်နဝါရီ ၂၈ နေ့အထိ လျှောက်ထားနိုင်သည်။

ဝင်ရောက်ယှဉ်ပြိုင်မည့် စည်ပင်ကိုယ်စားလှယ်လောင်းများအတွက် မဲဆွယ်ကာလကို ၁လ သတ်မှတ် ပေးထားပြီး ဖေဖော်ဝါရီ ၂၈ရက်နေ့မှ မတ်လ ၂၉ရက်နေ့အထိ မဲဆွယ်စည်းရုံးနိုင်မည်ဖြစ်သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကို ကော်မတီဝင်(၁၁)ဦးဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ပြီး  ဒုတိယ ရန်ကုန်မြို့တော်ဝန် အပါအဝင် ကော်မတီဝင်(၆)ဦးကို ပြည်သူက တိုက်ရိုက်ရွေးချယ် တင်မြှောက် နိုင်မည်ဖြစ်ကာ ကျန်ကော်မတီဝင်(၅)ဦးကို အစိုးရက ခန့်အပ်မည်ဖြစ်သည်။

ဝင်ရောက်ယှဉ်ပြိုင်သူများအနေဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ၆ ဦး နေရာအတွက် မှတ်ပုံတင်ကြေး အဖြစ် စည်ပင်ကို ၅ သိန်းကျပ် ပေးသွင်းရမည်ဖြစ်ပြီး မြို့နယ်အလိုက် ကိုယ်စားလှယ်များ နေရာအတွက် မှတ်ပုံတင်ကြေး ၂သိန်းပေးသွင်းရမည်ဖြစ်သည်။

ရန်ကုန် စည်ပင်သာယာနယ်နိမိတ်ရှိ မြို့နယ် ၃၃ မြို့နယ်၏ မြို့နယ်ခွဲများအလိုက် စည်ပင်သာယာရေး ကော်မတီဝင်များ ခန့်အပ်နိုင်ရန်အတွက်လည်း တစ်မြို့နယ်လျှင် သုံးဦးနှုန်း ပြည်သူက ရွေးကောက် တင်မြှောက်ခွင့် ရမည်ဖြစ်သည်။

အဆိုပါ ပြည်သူလူထုမှ ရွေးချယ်မည့် သုံးဦးအပြင် တစ်မြို့နယ်ချင်းစီအလိုက် ကော်မတီဝင် နှစ်ဦးစီကို အစိုးရက တိုက်ရိုက်ခန့်ထားမည်ဖြစ်သည်။ ယင်းအတွက်ကြောင့် တစ်မြို့နယ်လျှင် စည်ပင်ကိုယ်စားလှယ် ငါးဦးရှိပြီး ပြည်သူက သုံးဦးရွေးကောက်၊ အစိုးရက နှစ်ဦး တိုက်ရိုက်ခန့်စနစ်ဖြစ်သည်။

မြို့နယ်စည်ပင် ဥက္ကဋ္ဌအဖြစ် ပြည်သူရွေးကောက်သည့် သုံးဦးအတွင်းမှ မဲအများဆုံးရသူက ထမ်းဆောင်ရ မည်ဖြစ်ကာ အတွင်းရေးမှူးအဖြစ် အစိုးရမှတိုက်ရိုက်ခန့်သည့် နှစ်ဦးအတွင်းမှ တစ်ဦးက လုပ်ရမည်ဖြစ်သည်။

ထို့ကြောင့် မဲဆန္ဒရှင်လူထုအနေဖြင့် မြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ခြောက်ဦးအတွက် ဆန္ဒမဲ တစ်ကြိမ်၊ မြို့နယ်အလိုက် စည်ပင်သာယာရေးကော်မတီဝင် သုံးဦး ထွက်ပေါ်လာရေး အတွက် တစ်ကြိမ် စုစုပေါင်း ဆန္ဒမဲနှစ်မျိုးပေးရမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly