စာအုပ် တစ်သန်းကျော်နဲ့ အမျိုးစားစုံပါဝင်တဲ့ Big Bad Wolf စာအုပ်အရောင်းပွဲတော်

စာအုပ် တစ်သန်းကျော်နဲ့ အမျိုးစားစုံပါဝင်တဲ့ Big Bad Wolf စာအုပ်အရောင်းပွဲတော်

ရန်ကုန်၊ ဇန်နဝါရီ ၁၈ ။          ။ မလေးရှားကနေ လာရောက်ရောင်းချတဲ့ စာအုပ်ရေ တစ်သန်းကျော်ပါဝင်တဲ့ Big Bad Wolf စာအုပ် အရောင်း ပွဲတော်ကို ရန်ကုန်မြို့ မင်းဓမ္မလမ်းက Myanmar Event Park (MEP) မှာ ကျင်းပနေပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် အဖြစ်ပြုလုပ်နေတဲ့ ကမ္ဘာ့အကြီးဆုံး အင်္ဂလိပ်စာအုပ်အရောင်းပွဲတော်လို့ ပွဲစီစဉ်သူတွေက ပြောဆိုနေကြပြီး ဇန်နဝါရီ လ ၁၈ ရက်မှ၂၈ ရက်အထိ ရောင်းချသွားမှာပါ။

စာအုပ်တွေကို ၅၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအထိ အထူးလျှော့စျေးတွေနဲ့ ၂၄ နာရီ ရောင်းချပေးသွားမှာ လို့ စာအုပ်ရောင်းပွဲစီမံအုပ်ချုပ်မှုအဖွဲ့က ကိုစစ်မင်းထက်က ပြောပါတယ်။

“ စာအုပ်တွေရဲ့ပိုင်ရှင်ကတော့ Big Bad Wolf ကပဲ အကုန်လုံးစာအုပ်တွကို လာပြီး ရောင်းချတာဖြစ်တယ်။ မလေးရှားကပေါ့ ။ စာအုပ်တွေကအကုန် မလေးရှားက လာတာပါဗျ။ ကျွန်တော်တို့တွေ စာအုပ်အမျိုးအစား တစ်သန်းနဲ့ စာအုပ်ရေ တစ်သန်း ကျော်ပါဝင်ပါတယ်” လို့ ကိုစစ်မင်းထက်က ပြောပါတယ်။

စာအုပ်အများစုရဲ့စျေးနှုန်းတွေကိုတော့ မြန်မာကျပ်ငွေ ၄၅၀၀ မှ ၉၀၀၀ ကျပ်အကြား သတ်မှတ်ထားပြီး စာအုပ် အမျိုးအစားအလိုက် စျေးနှုန်းကွဲပြားသွားမှာလို့လည်း သိရပါတယ်။

 “ အရင်ဆိုင်မှာသွားဝယ်တော့ ဒီကစာအုပ်ဆိုင်တွေတော်တော်များများက ပြောရမယ်ဆိုရင် စာအုပ် အရေအတွက် နည်းတယ်။ ပြီးတော့ ရွေးချယ်စရာခေါင်းစဉ်ကလည်း သိပ်မရှိဘူး။ပြီးတော့ ဟိုအရင်က စာအုပ်အဟောင်းတွေဆို သိပ်မရှိတော့ဘူး။ အခုထွက်တဲ့ နာမည်ကြီးတဲ့ဟာတွေပဲ တင်တာမျိုး ရှိတယ်။ စျေးကကြတော့လည်း ဆိုင်အတွက် တစ်နိုင်ပဲ ဝယ်ရတဲ့အခါကြတော့ စာအုပ်များများကို စျေး သက်သက် သာသာနဲ့ မရဘူး။ နိုင်ငံခြားကစျေးထက ်နည်းနည်းပိုများတယ်။ ကယ်ရီခတွေလည်း ရှိမှာဆိုတော့။ ဒီမှာကကြတော့ ၅၀ ရာခိုင်နှုန်း ကနေ၊ ၉၀ ရာခိုင်နှုန်းအထိဆိုတော့ စျေး ပိုပြီးသက်သာပါတယ်” လို့ မသီရိသဇင်က ပြောပါတယ်။

ရောင်းချပေးနေတဲ့ စာအုပ်အမျိုးအစားတွေကတော့ ရုပ်ပြဝတ္ထုတွေ၊ ဂန္တဝင်ဝတ္ထုတွေ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ စိုက်ပျိုးရေး၊ အချက်အပြုတ်၊ စီးပွားရေး၊ ပညာရေးနဲ့ပက်သက်တဲ့ စာအုပ်တွေအပြင် ကလေးငယ်တွေအတွက် ပုံပြင်စာအုပ်တွေနဲ့ အခြားစာအုပ်အများအပြား ပါဝင်ပါတယ်။

Big Bad Wolf Book Sale စာအုပ်စျေးရောင်းပွဲတော်ကို နိုင်ငံပေါင်း ၇ နိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့ဖူးပြီး မြန်မာနိုင်ငံ မှာတော့ ပထမဆုံးအကြိမ်အဖြစ် လာရောက်ကျင်းပနေတာလည်း ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly