ဗိုလ်ချုပ်အောင်ဆန်း စကျင်ကျောက်ရုပ်တုဖြစ်မြောက်ရေးရန်ပုံငွေဂီတဖျော်ဖြေပွဲ ကျင်းပမည်

ဗိုလ်ချုပ်အောင်ဆန်း စကျင်ကျောက်ရုပ်တုဖြစ်မြောက်ရေးရန်ပုံငွေဂီတဖျော်ဖြေပွဲ ကျင်းပမည်

မန္တလေး၊ ဇန်နဝါရီ ၁၈  ။          ။ နာမည်ကျော် အဆိုတော်များ ပါဝင်ဖျော်ဖြေမည့် ဗိုလ်ချုပ်အောင်ဆန်း စကျင်ကျောက်ရုပ်တု ဖြစ်မြောက်ရေး ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို ဖေဖော်ဝါရီလ ၁၃ ရက်၊ ည ၇ နာရီတွင် မန္တလေးမြို့ ၊ အောင်မြေသာစံမြို့နယ်ရှိ Yadanarbon Event Park ၌ ကျင်းပမည်ဖြစ်သည်။

ဂီတပွဲ ကျင်းပမည့် အကြောင်း သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီလ ၁၈ ရက် နေ့လည် ၁ နာရီက မန္တလေးမြို့၊ ဗိုလ်ချုပ်အောင်ဆန်း စကျင်ကျောက်ရုပ်တု ဖြစ်မြောက်ရေးရုံး၌ ပြုလုပ်ခဲ့သည်။

စိုးသူ၊ ချစ်ကောင်း၊ စောဖိုးခွား (Reggae & One Love)၊ သာဒီးလူး၊ ဖိုးပြည့်၊ J Fire၊ Ice Cold၊ ဟန်နေတာ၊ Team-143၊ ကော်နီ၊ စန္ဒီမြင့်လွင်၊ Mary၊ ပြုံးမြသွယ် (Poppy Pyonn) စသည့် အဆိုတော်များက သီဆို ဖျော်ဖြေမည်ဖြစ်ပြီး Majesta Band၊ Triangle Band၊ The Key Band တို့က တီးခတ်ဖျော်ဖြေမည် ဖြစ်သည်။

အဆိုပါ ရန်ပုံငွေ ဂီတဖျော်ဖြေပွဲလက်မှတ်ခများမှာ ကျပ် ၂၅၀၀၀၊ ကျပ် ၁၅၀၀၀၊ ကျပ် ၁၀၀၀၀၊  ကျပ် ၅၀၀၀ (ခုံမဲ့)  အသီးသီး ဖြစ်သည်။

ရရှိလာသာငွေများဖြင့် တည်ဆောက်မည့် ဗိုလ်ချုပ်အောင်ဆန်းကျောက်ဆစ်ရုပ်တု နှင့် ဗိမာန်ပြည်သူ့အပန်းဖြေဥယျာဉ်တည်ဆောက်ရေးနေရာ၌ ထားရှိမည် ဖြစ်သည်။

အဆိုပါ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း စကျင် ပန်းတမော့ ကျောက်ဆစ်ရုပ်တုသည် အမြင့် ၁၂ ပေ၊ ထိုင်ခုံအမြင့် ၁ ပေ၊ အောက်ခံ ခုံအမြင့် ၂ ပေ စုစုပေါင်း အမြင့် ၁၅ ပေ ရှိကာ တန်ချိန် ၅၀ ခန့်ရှိ တစ်တုံးတည်းသော စကျင်ကျောက်တုံးဖြင့် ထုဆစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required