အလုံမြို့နယ်တွင် မတရားဥပဒေများ စိုးမိုးလွန်းနေ၍ ဆန္ဒပြခြင်းဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူပြော

အလုံမြို့နယ်တွင် မတရားဥပဒေများ စိုးမိုးလွန်းနေ၍ ဆန္ဒပြခြင်းဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူပြော
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန်၊ ဇန်နဝါရီလ ၁၈ ။             ။ ရန်ကုန်မြို့၊ အလုံမြို့နယ်အတွင်း ဇန်နဝါရီလ ၁၈ ရက်၊ နံနက်ပိုင်းက တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်ပြီး ဆန္ဒပြခဲ့ကြပြီး ယင်းသို့ ဆန္ဒပြရခြင်းမှာ ဘက်လိုက်အရေးယူမှုများ၊ မတရားဥပဒေများ စိုးမိုးလွန်းနေသဖြင့် ဆန္ဒပြရခြင်းဖြစ်ကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေါ်နော်အုန်းလှက ပြောဆိုလိုက်သည်။

 အလုံမြို့နယ်မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးအင်အားစု အင်အား ၅ဝ ခန့်က အလုံမြို့နယ်၊ သစ်တောလမ်းနှင့် ငုဝါလမ်းထောင့်တွင် စုရပ်ပြုလုပ်ခဲ့ပြီးနောက် နံနက် ၁ဝ နာရီမှ စတင်ကာ ကြွေးကြော်ချက်များနှင့်အတူ မြို့နယ်အတွင်း စီတန်းလှည့်လည်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

 “ ဖြစ်ရပ်ကတော့ အများကြီးရှိတယ်။ နေရာအနှံ့မှာလည်း ဖြစ်တယ်။ လူတိုင်းလည်း သိတယ်။ ဒါပေမယ့် အလုံမြို့နယ်မှာ ဖြစ်နေတာက ရပ်ကွက်ထဲမှာ ရဲကလာပြီးတော့မှ စိန်ခေါ်တာတို့၊ သတ်ပလိ်ုက်မယ်တို့ အမျိုးမျိုးပေါ့နော်။ ခြိမ်းခြောက်တယ်။ ပြီးခဲ့တဲ့ လက မကြာသေးဘူး။ ဖြစ်စဉ်ကတော့ ရပ်ကွက်မှာ ဥပမာဆိုရင် ဆိုင်ကယ်တွေဖမ်းတယ်။ ချဲတွေ ဖမ်းတယ်ပေါ့နော်။ ဒါပေမယ့် အကုန်မဖမ်းဘူး။ ချဲဆိုရင် ဒိုင်ကို မဖမ်းဘူး။ ထိုးသားတွေကို ဖမ်းတယ်။ ဆိုင်ကယ်ဆိုရင်လည်း အကုန်မဖမ်းဘူးပေါ့။ ဒါမျိုးတွေလည်းရှိတယ်။ နောက် ရဲတွေက ရပ်ကွက်ကို လာပြီးတော့ ဆဲဆိုတာတွေရှိတယ်။ ဖြစ်ခဲ့တာရှိတယ်။ ရဲတပ်ဖွဲ့အခြားအဆင့်ပေါ့နော်။ အခြားအဆင့်ဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် နိုင်ငံတော်မှာရှိတဲ့ တရားဥပဒေစိုးမိုးရေးအတွက်ဆိုရင် အားလုံးမှာ တာဝန်ရှိတယ်”ဟု ဒေါ်နော်အုန်းလှက ပြောသည်။

 ဆန္ဒပြသူများက “ မတရားဥပဒေ မစိုးမိုးရေးနှင့် ပြည်သူ့ဘဝလုံခြုံရေး၊ ကျောသားရင်သားခွဲခြားနေတဲ့ ဥပဒေ အလိုမရှိ၊ လုပ်ပိုင် ခွင့်အာဏာကို အလွဲသုံးစားလုပ်နေတဲ့ ရဲဝန်ထမ်းတွေကို ပွင့်လင်းမြင်သာစွာ အရေးယူ ပေးရေး ” စတင်ကြွေး ကြော်ချက်များ၊ ဆိုင်းပုဒ်များကိုင်ဆောင်ကာ အလုံမြို့နယ်အတွင်း လှည့်ပတ် ဆန္ဒပြခဲ့ကြပြီးနောက် အလုံမြို့နယ်ရဲစခန်းရှေ့အရောက်တွင် ကြွေးကြော်သံများ သံပြိုင်အော်ကာ ဆန္ဒပြမှုကို ရပ်တန့်ခဲ့ကြသည်။

 “ သူတို့က (ဆန္ဒပြသူများ) အဓိကတော့ ဆန္ဒပြချင်တာက ရဲစခန်းပေါ့။ တရားဥပဒေစိုးမိုးရေးနှင့် ဒီစခန်း ကိုပြချင်တာ။ ကျွန်မအနေနဲ့ကြတော့ ဒီဟာက တစ်ဖက်နဲ့ တစ်ဖက်က တချို့ကိစ္စတွေကလည်း မှန်တဲ့ ဟာရှိတယ်။ သဘောထားလွဲနေတာလည်းရှိတယ်။ ဟိုတစ်ခေါက်ကလည်း ကျွန်မတို့ မြို့နယ်မှာ ဖြစ်သွားတာ ရှိတယ်လေ။ လူမှားပြီးတော့မှ စစ်ဆေးမှု၊ နောက် ချဲရောင်းတဲ့သူမဖမ်းဘဲ ဒီအတိုင်းထိုးလိုက်တဲ့ သူတွေကို ဖမ်းလိုက်တဲ့ သဘောမျိုးဖြစ်သွားတယ်ပေါ့။ အဲ့ဒီလိုမျိုးတော့ရှိတယ်။ ဒါပေမယ့် လက်ရှိ ရှိနေတဲ့ မြို့နယ်မှူးက ပြောင်းလာတာ မကြာသေးဘူး။ သူတို့အနေနဲ့ ဒီလိုမျိုးဆန္ဒပြတာကတော့ သူတို့ဘာသာသူတို့ တရားဝင် စာတင်တယ်။ ဆွေးနွေးနဲ့ ညှိနှိုင်းပြီးတော့မှ သူတို့ ပြတာ”ဟု အလုံမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဝင်းက ပြောသည်။

ဒီမိုကရေစီခေတ်ရောက်ရှိနေသဖြင့် ဆန္ဒပြခြင်းမှာ မဆန်းသော်လည်း အဆိုပါဆန္ဒပြခဲ့သည့် အကြောင်းအရာ အပေါ် ပြန်လည်သုံးသပ်ပြီး အမှန်တကယ်ဆန္ဒပြခဲ့သည့်အတိုင်း မတရားသည့်ဥပဒေများ အလုံမြို့နယ်တွင် စိုမိုးမှုများနေသလားဆိုသည့် အကြောင်းအရာအား ကိုယ်စားလှယ်များအနေဖြင့် ဆန်းစစ်ကာ ဖြေရှင်းဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

 “ တကယ်ပဲ သူတို့ ပြောသလို မတရားတဲ့ ဥပဒေတွေစိုးမိုးမှု အလုံမှာ များနေပြီးလားဆိုတာကိုတော့ ကျွန်မတို့ ကိုယ်စားလှယ်တွေက ဆန်းစစ်ပြီးတော့ ဆက်လက်ဆောင်ရွက်ပေးရမှာကတော့ ကျွန်မတို့ရဲ့ တာဝန်ပေါ့နော်။ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတာကတော့ လက်ရှိမှာတော့ ကျွန်မမပြောနိုင်သေးဘူး”ဟု တရားဥပဒေ စိုးမိုးရေးနှင့်ပတ်သက်ပြီး ဆန္ဒပြမှုအပေါ် မဇ္စျိမ၏မေးမြန်းမှုကို အလုံမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဝင်းက ဖြေကြားခဲ့သည်။ ဆန္ဒထုတ်ဖော်သူများကမူ တရားဥပဒေ စိုးမိုးရေးနှင့် ပတ်သက်ပြီး အခြားမြို့ နယ်များတွင်လည်း လိုအပ်ပါက ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများက ၎င်းတို့အား အကူအညီတောင်းခံလာပါက ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း မီဒီယာများကို ပြောထားသည်။

 “ သူ(ဆန္ဒပြသူ)တို့ ပြောတာ မှန်ပါတယ်။ ကျွန်တော်တို့ မြို့နယ်ထဲမှာ ဒီလိုတွေဖြစ်ခဲ့တယ်။ ဒါပေမယ့် ဒီလို ဆန္ဒထုတ်ဖော်ရုံ နဲ့ ဒါတွေက ပြန်ကောင်းလာမလားဆိုတာ စဉ်းစားစရာဖြစ်တယ်။ အထက်လူကြီးတွေကိုလည်း ပြည်သူ တစ်ယောက်အနေနဲ့ တောင်းဆိုချင်တယ်။ ဒီလိုဖြစ်ရပ် လုပ်ရပ်တွေကို ထိန်းသိမ်းပေးပါလို့။ ကျွန်တော်တို့ ပြည်သူတွေ အားကိုးရမယ့် ရဲဝန်ထမ်းတွေက ဒီလိုလုပ်နေရင် ကျွန်တော်တို့ ဘယ်လိုလုပ်ရမလဲ။ တရားဥပဒေ စိုးမိုးရေးဆိုတာက ဘာလဲဆိုပြီး မေးခွန်းထုတ်ရမလိုတောင်ဖြစ်နေပြီ”ဟု ဆန္ဒထုတ်ဖော်မှုအား ကြည့်ရှုခဲ့သည့် ယင်းမြို့နယ်တွင်နေထိုင်သူ ဦးကျော်အေးက ပြောသည်။

 လက်ရှိ ဆန္ဒထုတ်ဖော်ခဲ့သည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးအင်အားစုများအနေဖြင့် ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်အတွင်းကလည်း ငြိမ်းစုစီနှင့် ပတ်သက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ဖူးကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly