လူကုန်ကူးခံရမှုမှ လွတ်မြောက်ရာလမ်းကို အွန်လိုင်းတွင် ရှာတွေ့ကြခြင်း

By ထိုက်နန္ဒာဝင်း/Myanmar Now
18 January 2019
လူကုန်ကူးခံရမှုမှ လွတ်မြောက်ရာလမ်းကို အွန်လိုင်းတွင် ရှာတွေ့ကြခြင်း
တရုတ်-မြန်မာနယ်စပ် အပျော်တမ်း မြားပစ်ကစားပွဲတစ်ခု (ဓာတ်ပုံများ - ထိုက်နန္ဒာဝင်း/Myanmar Now)

တရုတ်နိုင်ငံအတွင်းပိုင်း မြို့တစ်မြို့၏ လူပြတ်သည့် နောက်ဖေးလမ်းကြားတစ်ခုတွင် ဖိနပ်မပါသည့် မြန်မာအမျိုးသမီးတစ်ဦး ခပ်သွက်သွက် လှုပ်ရှားနေသည်။ လက်ထဲရှိ မိုဘိုင်းဖုန်းမှာ တရုတ်နိုင်ငံရှိ သူ၏ ဒုတိယမြောက် ခင်ပွန်းသည်လက်မှ လွတ်ရန် အားအင်ပေးနိုင်သည့် တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သည်။

အသားဖြူဖြူ၊ လှလှပပ၊ ကိုယ်ဟန် သွယ်သွယ်၊ ၂၇နှစ်အရွယ်  အမျိုးသမီးသည် ပွဲစားတချို့၏ အလုပ်ရှာပေးမည်ဟူသော မက်လုံးကို ယုံမိရာမှ တရုတ်နိုင်ငံသို့ ပို့ပြီး အမျိုးသားတစ်ဦးထံ ရောင်းစားခံရသူ ဖြစ်သည်။ သတ်မှတ်ချိန်အတွင်း ကလေးမရခြင်းကြောင့် အခြားအမျိုးသားတစ်ဦးထံ ရောင်းစားခံရပြီး ကာလအတန်ကြာတွင် အခြေအနေပေးသည်နှင့် အဝတ်တစ်ထည်၊ ကိုယ်တစ်ခု၊ လက်ကိုင်ဖုန်းတစ်လုံးဖြင့် ထွက်ပြေးခြင်းဖြစ်သည်။

သဘောကောင်းသည့် ဒုတိယခင်ပွန်းသည်က သူ့ကို လီဟန်ဟု အမည်ပေးထားသည်။ လီဟန်သည် သူနေထိုင်ခဲ့ရာအရပ်နှင့် ဆန့်ကျင်ဘက်သို့ ထွက်ပြေးရာတွင်  ရေလွှမ်းစိုက်ခင်းတချို့ကိုလည်း ဖြတ်သန်းရသည်။  အရုဏ်တက်ပြီး အခြား မြို့တစ်မြို့၏ အရိပ်အယောင် အဆောက်အအုံများကိုတွေ့မှ တရုတ်နိုင်ငံတွင် အသုံးများသည့် ဆိုရှယ်မီဒီယာဖြစ်သော WeChat  သုံးရန် ဖုန်းကို ပါဝါဖွင့်လိုက်သည်။  

ထို့နောက် မြန်မာပြည်ရှိ သူ့ကို ကူညီမည့်သူကို ကြိုတင် ချိတ်ဆက်ထားသည့်အတိုင်း ထပ်မံ ဆက်သွယ်လိုက်ပြီး နောက်ဆုံးတွင် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ ပြန်လည်ထူထောင်ရေးဂေဟာသို့ အရောက်သွားနိုင်ခဲ့သည်။

 “WeChat အကောင့်သာ မရှိဘဲ၊ တရုတ်စကားသင်ပြီး၊ တရုတ်စကားတတ်မှ မြန်မာပြည် ပြန်ရောက်ရမယ်ဆိုရင် … စကားကလည်း သင်လို့ရမှာ မဟုတ်တော့ ဒီတစ်သက် ပြန်လာလို့တောင် ရမှာ မဟုတ်ပါဘူး” ဟု လီဟန်က ပြောသည်။

လီဟန်ကဲ့သို့ မြန်မာအမျိုးသမီးတို့သည် ရောင်းစားခံထားရသည့် အနေအထားမှ လွတ်မြောက်ရေး၊ ဘဝအခြေအနေ ပြောင်းလဲရေး ကြိုးပမ်းကြရာတွင်  ထိုနိုင်ငံတွင် လူသုံးများသော အွန်လိုင်းလူမှုကွန်ရက်ဖြစ်သည့် WeChat က များစွာ အထောက်အကူ ပေးနေသည်။


အလုပ်အကိုင် ရှာဖွေသူတို့ အများအပြား ရှိတတ်သည့် တရုတ်-မြန်မာ နယ်စပ် တစ်နေရာမှ မြင်ကွင်းတစ်ခု (ဓာတ်ပုံများ - ထိုက်နန္ဒာဝင်း/Myanmar Now)

ကျွန်မကို ကယ်ပါ

မြန်မာနိုင်ငံတွင် အင်တာနက်သုံးသူ အားလုံးနီးပါး Facebook နှင့် ရင်းနှီးသကဲ့သို့ တရုတ်တွင်လည်း အွန်လိုင်းဝင်သူတိုင်းလိုလို WeChat ကို သုံးကြသည်။ ကမ္ဘာ့ထိပ်တန်းဖြစ်သော Facebook, Twitter တို့ကို တရုတ်တွင် အသုံးမပြုနိုင်စေရန် အစိုးရက ပိတ်ပင်ထားခြင်းကြောင့် WeChat သည် တရုတ်တို့၏ မရှိမဖြစ် ဆိုရှယ်မီဒီယာ ဖြစ်လာသည်။

WeChat ကို မိုဘိုင်းဖုန်းဖြင့် သုံးပြီး အပြန်အလှန် စကားပြောခြင်း၊ ဓာတ်ပုံ နှင့် ရုပ်သံများပို့ခြင်းတို့အတွက်သာမက  ငွေလွှဲခြင်း၊  ဈေးဆိုင်တွင် ငွေပေးချေခြင်း၊ ခရီးသွားရန် လက်မှတ်ဝယ်ခြင်းတို့အတွက်လည်း တွင်တွင်ကျယ်ကျယ် သုံးနေကြသည်။ ရောက်ရှိနေသည့် တည်နေရာမြေပုံကိုလည်း တစ်ဖက်လူသို့ ပို့ပေးနိုင်သည်။  

၂၀၁၆ နှစ်ကုန်ပိုင်းက WeChat ကို စမ်းသပ်သုံးနေသည့် ရန်ကုန်မြို့မှ ဦးထွန်းထွန်း၏ ဖုန်းမျက်နှာပြင်ပေါ်တွင် ‘ရောင်းစားခံထားရလို့ အရမ်း ဒုက္ခရောက်နေတယ်၊ ကျွန်မကို ကယ်ပါ’ ဟူသည့် စာသား ပေါ်လာသည်။ ၄၈ နှစ် အရွယ် ဦးထွန်းထွန်း ရုတ်တရက် တုန်လှုပ်သွားသော်လည်း ထိုအခြေအနေကြောင့်ပင် ပရဟိတကွန်ရက်တစ်ခု ထူထောင်ကာ လူကုန်ကူး ခံနေရသူတို့ကို ကူညီမှု အစပြုခဲ့လေသည်။ နေရပ်ရင်းပြန်လိုသူတို့ကို မိသားစုနှင့် ချိတ်ဆက်ပေးခြင်း၊ ထွက်ပြေးရန် လမ်းကြောင်း စီစဉ် အကြံပေးခြင်း၊  ရဲတပ်ဖွဲ့သို့ အကြောင်းကြား ပေးခြင်းတို့သည် ၎င်းတို့၏ လုပ်ငန်း ဖြစ်လာသည်။

“ကူပေးတယ်ဆိုပေမယ့် သူတို့ဘက်က ကုန်ကျစရိတ်ကို စုထားဖို့လိုပါတယ်။ ရောင်းစားခံရလို့ ဆက်သွယ်လာတဲ့လူ များတော့ မစိုက်နိုင်ဘူး။ ဒီကြားထဲမှာ ငွေကိစ္စပါလာတဲ့အတွက် ပွဲစားလို့ အထင်အမြင်လွဲခံရတာတွေ ကြုံရတယ်” ဟု ကိုထွန်းထွန်းက ပြောသည်။

“ကျွန်တော်တို့က တရားဝင်အသင်းမဟုတ်ဘဲ၊ WeChat မှာပဲ နိုင်သလောက်  ကူတာမို့ ဌာနဆိုင်ရာတွေက အသိအမှတ် မပြုတာတွေ ကြုံရတယ်။  ပွဲစားတွေရဲ့ ရန်ပြု တိုက်ခိုက်မှု ဝေဖန်မှုကိုလည်း ခံရပါတယ်”

သူတို့ကို တရုတ်စကား တတ်မြောက်သည့် မိတ်ဆွေတချို့ကလည်း ဝန်းရံပေးခဲ့သည်။

ထွက်ပြေးလွတ်မြောက်ရေးအတွက် တစ်ဦးလျှင် လမ်းစရိတ် ယွမ်ငါးရာမှ သုံးထောင် (ကျပ် တစ်သိန်းကျော်မှ  ခုနစ်သိန်း) ကြား ကုန်ကျနိုင်သည်။ ပြီးခဲ့သည့် ၂ နှစ်အတွင်း ၎င်းတို့၏ WeChat အဖြူရောင်ပရဟိတအဖွဲ့က  နေရပ်ရင်းပြန်လိုသူငါးဆယ်နီးပါးကို ကူညီနိုင်ခဲ့သည်။

ထွက်ပြေးရန်စီစဉ်ပြီးမှ WeChat တွင် ပြန်မပေါ်လာသည့် အမျိုးသမီးများလည်း ရှိသည်ဟု ဦးထွန်းထွန်းက ပြောသည်။

မည်သို့ မည်ပုံထွက်ပြေးလွတ်မြောက်ကြောင်း စာနယ်ဇင်းတွင် ဖော်ပြပါက အနာဂတ်တွင် လူကုန်ကူးခံရသူတို့ ပိုမို ချုပ်ချယ်ခံရပြီး ပြေးပေါက်ပိတ်သွားနိုင်သည်ဟု တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင် တာဝန်ကျနေသော လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့စုမှူး ရဲမှူးကျော်ညွန့် အပါအဝင် မြန်မာအရာရှိ အများအပြားက စိုးရိမ်နေကြသည်။

 “ဖုန်းတွေ၊ WeChat တွေ ပေးမသုံးတော့ရင် အားလုံး ဒုက္ခရောက်ကုန်မှာ” ဟု ၎င်းက ဆိုသည်။

သို့သော်လည်း တရုတ်တွင် လူကုန်ကူးခံထားရသည့် သားကောင်တို့ လွတ်မြောက်ရေးမှာ WeChat အသုံးပြုပြီး အစပြုခဲ့ကြောင်းကို နိုင်ငံတကာ စာနယ်ဇင်းများတွင် အင်္ဂလိပ်၊ တရုတ် အပါအဝင် ဘာသာစုံဖြင့် ဖော်ပြပြီး ဖြစ်နေသည်။


ရှမ်းပြည်နယ်၊ မူဆယ်မြို့တွင် တွေ့ရသော မြန်မာ-တရုတ် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ နယ်စပ်ဆက်ဆံရေး အရာရှိရုံး (ဓာတ်ပုံများ - ထိုက်နန္ဒာဝင်း/Myanmar Now)

သတို့သမီး အလိုရှိသည်

မျိုးရိုးအမည် ဆက်ခံနိုင်သည့် သားယောက်ျားလေးကို ဦးစားပေးကြသော တရုတ်တွင် ၂၀၁၆ အထိ နှစ်ပေါင်းလေးဆယ်နီးပါး ကျင့်သုံးခဲ့သည့် တစ်အိမ်ထောင်ကလေးတစ်ယောက် မူဝါဒကြောင့် အမျိုးသားအရေအတွက်သည် အမျိုးသမီးထက် ၃၃ သန်း  ပိုများနေသည်။  ယင်းပမာဏမှာ မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက် ဖြစ်နေသည်။ ဤသို့ဖြင့် တရုတ်အမျိုးသား အများအပြားအတွက် အိမ်ထောင်ဘက် ရှာရန် ပွဲစားတို့သည် အိမ်နီးချင်း နိုင်ငံများ အထူးသဖြင့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်တို့ကို ပစ်မှတ်ထားလာကြသည်။

အိမ်ထောင်ပြုရေးအတွက် တရုတ်အမျိုးသမီးတို့ကို ရွေးချယ်နိုင်ကြသော်လည်း တောင်းရမ်း လက်ထပ်နိုင်ရေးအတွက် တရုတ်ယွမ် သိန်းတစ်ရာ (ကျပ်သိန်းပေါင်း ၂၂,၀၀၀) ခန့် ကုန်ကျမည်ဖြစ်သည်။  မြန်မာအမျိုးသမီးကို လက်ထပ်ပါက   အသက်အရွယ်၊ ရုပ်ရည်ပေါ်မှာ မူတည်ပြီး ယွမ်  သုံးသောင်းမှ တစ်သိန်းခွဲ (ကျပ် သိန်း ၆၀ ကျော်မှ-သိန်း ၃၀၀) အထိသာ ပေါက်ဈေးရှိနေသည်။

ဤအချက်သည်  နိုင်ငံခြားသူကို ရွေးချယ်ရသည့် အဓိကအကြောင်းရင်း တစ်ခု ဖြစ်နေသည်ဟု ဟန်းနမ် (Henan) ပြည်နယ်တွင် နေထိုင်သည့် အသက်၃၀ အရွယ် တရုတ်အမျိုးသား ရိုးကျန့်က ပြောသည်။

“ငါတို့နိုင်ငံသူကို ယူရင် တိုက်၊ အိမ်၊ ကား၊ ငွေနဲ့ အလုပ် ရှိဖို့ လိုတယ်။ ကွာရင်လည်း လျော်ကြေး ပေးရမယ်။ အဲဒီလောက် မတတ်နိုင်ဘူး။ မြန်မာမတွေက ဈေးပေါတော့ ဝယ်နိုင်တယ်” ဟု ၎င်းက Myanmar Now ကို အွန်လိုင်းမှ ပြောပြသည်။

မြန်မာနိုင်ငံ၏ အလုပ်အကိုင်ရှားပါးမှု၊ စားဝတ်နေရေး အခက်အခဲ၊ စစ်မက်ဖြစ်ပွားနေမှုတို့သည် လူကုန်ကူးသူများ၊ ပွဲစားများအတွက် အခွင့်အလမ်း ဖြစ်နေတော့သည်။

ပြည်ပတွင် မြန်မာအမျိုးသမီးတို့ ရောင်းစားခံရမှုများ ဖြစ်ပေါ်နေသည်မှာ  ဆယ်စုနှစ် နှစ်ခုရှိလာပြီဟု လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့အမှတ်(၆)မှ တပ်ဖွဲ့စုမှူး ရဲမှူး ခင်မောင်ကြွယ်က ပြောသည်။

“မြန်မာနိုင်ငံက လူကုန်ကူးခံရမှုတွေက လက်ထပ်ဖို့အတွက် တရုတ်နိုင်ငံကို အများဆုံး ကုန်ကူးခံနေရတယ်” ဟု သူက ဆိုသည်။

ပြည်တွင်းပြည်ပသို့ လူကုန်ကူးခြင်းကို ဖော်ထုတ် အရေးယူနိုင်မှုသည် တစ်နှစ်ထက် တစ်နှစ် ပိုမို များပြားလာနေသည်။ ယမန်နှစ်က ၂၀၆ မှုကို ဖော်ထုတ်နိုင်ခဲ့ပြီး တရားခံ ၅၉၈ ဦးကို အရေးယူနိုင်ခဲ့သည်ဟု ၎င်းတို့တပ်ဖွဲ့က ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ထုတ်ပြန်ထားသည်။ ကုန်ကူးခံရသူ ၃၁၇ ဦးတွင်  ၁၆၄ ဦးမှာ တရုတ်နှင့် ဆက်နွယ်နေသည်။

ပြီးခဲ့သည့်လများအတွင်း Myanmar Now က  တရုတ်နိုင်ငံတွင် လူကုန်ကူးခံရသည့် မြန်မာ အမျိုးသမီးများထဲမှ ၁၂ ဦးကို အွန်လိုင်း၊ ၁၄ ဦးကို ပြင်ပတွင် တွေ့ဆုံမေးမြန်းခဲ့ရာ   ၎င်းတို့သည် တရုတ်အမျိုးသားတို့  မျိုးဆက်ရရှိရေးအတွက် ဝန်ဆောင်မှုပေးရသည့် သားဖောက်စက်သဖွယ် ဖြစ်ခဲ့ကြောင်း၊ ခင်ပွန်းသည် အများအပြားက ၎င်းတို့ကို ဇနီးမယားအဖြစ် တန်ဖိုးထား ဆက်ဆံခြင်း မရှိကြောင်း ပြောပြကြသည်။

ပြီးခဲ့သည့်လက အမေရိကန်တက္ကသိုလ်တစ်ခုဖြစ်သော Johns Hopkins နှင့် ထိုင်းနိုင်ငံ ကချင်အမျိုးသမီး အစည်းအရုံးတို့ ပူးတွဲပြုစုထုတ်ပြန်သည့် အစီရင်စာတွင် ၂၀၁၃ မှ၂၀၁၇ အတွင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင်  တရုတ်မယားအဖြစ် ရောင်းစားခံခဲ့ရသည့် အမျိုးသမီး အရေအတွက် ၈,၀၀၀ နီးပါး  ရှိသည်ဟု ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ်ဇူလိုင်လက ထုတ်ပြန်သော ၁၆၇ နိုင်ငံအပေါ် သုံးသပ်ထားသည့် ကမ္ဘာလုံးဆိုင်ရာကျွန်ပြုမှု ညွှန်းကိန်း လူကုန်ကူးမှုအစီရင်ခံစာတွင် မြန်မာသည် လူကုန်ကူးမှုအဆင့် (၁၈)တွင် ရပ်တည်နေကြောင်း ဖော်ပြထားသည်။

ထိုအမှုများ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရာတွင် အခက်အခဲများစွာ ရှိနေသည်ဟု ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ယမန်နှစ် စက်တင်ဘာလ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားမိန့်ခွန်းတွင် ပြောသည်။

‘‘လူကုန်ကူးမှုကို တိုက်ဖျက်ရန် အတွက် အခြားသော ကဏ္ဍများ ဖွံဖြိုးတိုးတက်ရေးကို ပူးပေါင်းဆောင်ရွက်ကြရမည်’’ ဟု ဒုတိယသမ္မတက ပြောသည်။


လူကုန်ကူးမှု အများအပြားသည် မြန်မာ-တရုတ်နယ်စပ်နှင့် ဆက်စပ်နေသည် (ဓာတ်ပုံများ - ထိုက်နန္ဒာဝင်း/Myanmar Now)

တရားရုံးကို အသုံးချခြင်း

လူကုန်ကူးပွဲစားတို့က အမျိုးသမီးတို့ကို နယ်စပ်ဖြတ်ကျော် ခေါ်ဆောင်ပြီးမှ ရောင်းချခြင်းကို အမှု အများအပြားတွင်တွေ့နိုင်သည်။ တချို့အမှုများတွင် တရားရုံး၊ သံရုံးတို့ကို ဖြတ်သန်းပြီး တရားဝင်စာရွက်စာတမ်း ယူဆောင်ကြသည်ကိုလည်း တွေ့နိုင်သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ရှိ ကျေးလက်ဒေသတစ်ခုမှ  ၂၅နှစ်အရွယ် အမျိုးသမီးသည် အလုပ်ရှာပေးမည်ဟု စည်းရုံးသည့် ပွဲစားကို ယုံကြည်ကာ ရန်ကုန်သို့ ၂၀၁၇ နိုဝင်ဘာတွင် ရောက်ရှိခဲ့သည်။

အခြေအနေမှန်ကို ရိပ်မိသွားချိန်တွင် ရွာသို့ပြန်ရန် စိတ်ကူးသော်လည်း လမ်းစရိတ် မရှိခြင်း၊ မည်သို့ ပြန်ရမည်ကို မသိပေ။ ကျပ်၂၅သိန်းရမည် ဟူသော ကမ်းလှမ်းချက်ကြောင့် နောက်ဆုံးတွင် လက်ထပ်ရန် သဘောတူလိုက်သည်ဟု မျက်နှာပြည့်ပြည့်၊  ချစ်စဖွယ် အမျိုးသမီးက ပြောသည်။  ထို့ကြောင့် တစ်ကြိမ်မျှ မတွေ့ခဲ့ဖူးသည့် တရုတ်နိုင်ငံသားမှာ သူ့ချစ်သူ ဖြစ်ကြောင်း တရားသူကြီးရှေ့တွင် လိမ်ခဲ့ရသည်။ ရုံးများတွင် တင်ပြရသော မှတ်ပုံတင်၊ နေရပ်လိပ်စာ၊ အိမ်ထောင်စုဇယား စသည့် အထောက်အထားများမှာ အတု ဖြစ်နေကြောင်း သူသိသော်လည်း ငြင်းဆန်ရန် မဝံ့ရဲခဲ့ပေ။

“တရားရုံးမှာ လက်ထပ်တာဆိုတော့ အလိမ်ခံရမယ်၊ ရောင်းစားခံရမယ် လို့ လုံးဝမထင်ဘူး။ ဒါပေမယ့် ပွဲစားက တရားသူကြီးရှေ့မှာ မှတ်ပုံတင်၊ အိမ်ထောင်စုဇယား အတုတွေနဲ့ ဘာမေးမေး‘ဟုတ်ကဲ့’လို့ ပြောခိုင်းကတည်းက ကျွန်မ ရိပ်မိသင့်တာ”ဟု သူက မချိတင်ကဲ ဆိုသည်။

လက်ထပ်ခဲ့သည့် တရုတ်အမျိုးသား၊ သုံးလအရွယ် သမီးတို့နှင့်အတူ ပေကျင်းပြည်နယ်၊ ဟွမ်ပိန်မြို့တွင် နေထိုင်လျက်ရှိကြောင်း သူက Myanmar Now ကို အွန်လိုင်းတွင် ပြောပြသည်။ ရန်ကုန်ရှိ တရားရုံးတွင် လက်မှတ် မထိုးမီက ၂၅ သိန်း ပေးမည်ဟူသော ကတိကို ပွဲစားတို့က ဖျက်ခဲ့သည်၊  ပွဲစားသုံးဦးအနက် နှစ်ဦး ဖမ်းဆီး အရေးယူခံရပြီး တစ်ဦး လွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။


မြန်မာဘက်ခြမ်းမှ တရုတ်နိုင်ငံဘက်သို့ လှမ်းမြင်ရသည့် မြင်ကွင်းတစ်ခု (ဓာတ်ပုံများ - ထိုက်နန္ဒာဝင်း/Myanmar Now)

မြန်မာအမျိုးသမီးနှင့် တရုတ်နိုင်ငံသား တရားရုံးတွင် လက်ထပ်လိုပါက ဝန်ဆောင်မှုပေးသည့် ပွဲစားများ ရှိနေပြီး ဝန်ဆောင်ခ ၇ သိန်းမှ ၉သိန်းအထိ ကုန်ကျနိုင်သည်ဟု ထိုလုပ်ငန်းစဉ်အတွက် လိုအပ်သည့် စာရွက်စာတမ်းများ စီစဉ်ပေးသည့် သတင်းရင်းမြစ်တို့ထံမှ သိရသည်။

ဘာသာမတူပါက ထိုအမျိုးသားသည် ကိုးကွယ်သည့်ဘာသာပြောင်းလဲကြောင်း ပေါ်လွင်စေရန် တင်ပြရမည့် အထောက်အထားတို့အတွက် အထွေထွေဝန်ဆောင်ခမှာ ၁၅ သိန်း ဝန်းကျင် ရှိသည်။

ခရိုင်တရားရုံးများသည် ဗုဒ္ဓဘာသာဝင် အမျိုးသမီးကို ဘာသာတူနိုင်ငံခြားသားနှင့် လက်ထပ်ပေးနိုင်သည့် အခွင့်အာဏာရှိသည်။ နိုင်ငံခြားသားနှင့် လက်ထပ်ပေးမှုများအနက် တရုတ်အမျိုးသားနှင့် လက်ထပ်ပေးမှုမျိုးကို  ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင်  အများဆုံး တွေ့နိုင်ပြီး ၂၀၁၇ တွင်  ၆၂၆ ကြိမ်၊ ၂၀၁၈ တွင် အကြိမ် ၅၆ဝ  ဝန်ဆောင်မှု ပေးခဲ့သည်။

တရားရုံးတွင်  လက်ထပ်ထိမ်းမြားပြီးနောက်ပိုင်း ပြည်ပတွင် ရောင်းစားခံရသည့် ဖြစ်စဉ်တချို့ ပေါ်ပေါက်နေသည်ကို မသိရှိကြောင်း တရားရေး အရာရှိများက ပြောသည်။

“ဗုဒ္ဓဘာသာဝင် အမျိုးသားနဲ့ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတို့ဟာ မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရ ထိမ်းမြား လက်ထပ်တဲ့အခါမှာ အကြင်လင်မယားအဖြစ် နှစ်ဦးသဘောတူ ပေါင်းသင်းဖို့ ရည်ရွယ်ပြီးတော့ သူတို့ရဲ့ လွတ်လပ်တဲ့ ဆန္ဒအရ တရားရုံးမှာ၊ တရားသူကြီးရှေ့မှာ လာပြီးတော့ ကျမ်းကျိန်လွှာ လုပ်တာပါ။ တရားရုံးအနေနဲ့ ကူညီတဲ့အနေနဲ့ လုပ်ကိုင် ဆောင်ရွက်ပေးခြင်းပဲ ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဒေါ်စိုးခက်ခက်က ပြောသည်။

တရားရုံးတွင် လက်မှတ်ထိုးခဲ့သည့် လက်ထပ်စာချုပ်သည်  ထိုအမျိုးသမီး တရုတ်သံရုံးတွင် ပြည်ဝင်ခွင့် လျှောက်ထားခြင်း၊ တရုတ်နိုင်ငံသို့ တရားဝင် သွားရောက် နေထိုင်ခြင်းတို့အတွက် အထောက်အကူ ဖြစ်စေသည်။

လူကုန်ကူးမှုတစ်ခုတွင် ထိုသို့သော လက်ထပ်စာချုပ် ပါဝင်နေပါက အရေးယူရန် အခက်အခဲ ရှိသည်ဟု  အမှတ်(၆) လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ဒုရဲမှူးဝေလွင်က   ဆိုသည်။

“ကျွန်တော်တို့ တရားရုံးတွေက ကျမ်းကျိန်ပြီးတော့ လက်ထပ်တာကို လက်ခံပါတယ်။ အဲဒီအချိန်ဆို ကျွန်တော်တို့ ဘာမှလုပ်မရပါဘူး။ အဲဒီကိစ္စတွေကြောင့် တချို့ကိစ္စတွေမှာ တရုတ်နိုင်ငံသားတွေကို လူကုန်ကူးမှုနဲ့ တရားစွဲတင်လို့ မရပါဘူး” ဟု ၎င်းက ပြောသည်။   

လူကုန်ကူးခံရပြီး တရုတ်နိုင်ငံမှ ပြန်လာသူတချို့ကို မကြာသေးခင် တွေ့ဆုံမေးမြန်းစဉ် အမျိုးသမီးနှစ်ဦး၏ ဖြစ်ရပ်မှာ သိသိသာသာ ထူးခြားနေသည်။ ရောင်းစားခံရသည့် သူတို့နှစ်ဦးသည် ထွက်ပြေးပြီး နောက်ပိုင်းတွင် တရုတ်အမျိုးသားတို့ကို ဆက်သွယ်ပြီး ကိုယ့်ကိုယ်ကိုယ် ရောင်းချခဲ့ကြသည်ဟု ဆိုသည်။ သူတို့နှစ်ဦးထဲမှ တစ်ဦးဖြစ်သည့် ကချင်ပြည်နယ်မှ အမျိုးသမီးက နေရပ်ရင်းရှိ မိသားစုကို ထောက်ပံ့နိုင်ရေး အတွက် ဈေးနှုန်းတစ်ခု သတ်မှတ်ပြီး WeChat မှတစ်ဆင့်  ခင်ပွန်းလောင်းကို ကိုယ်တိုင် ရှာဖွေခဲ့သည်ဟု ပြောပြသည်။

 “ကျွန်မတို့မွေးတဲ့ ကလေးကသာ တရုတ်နိုင်ငံသား ဖြစ်ပေမယ့် ကျွန်မတို့က သူတို့ရဲ့ တရားဝင် မိန်းမ ဖြစ်လာမှာ မဟုတ်ဘူး၊ ကလေးမွေးပေးရုံပဲ။ ဒါကြောင့် ငွေများများရှာနိုင်ဖို့ လုပ်တာ” ဟု မြစ်ကြီးနားမြို့မှ ထိုအမျိုးသမီးက  ပြောသည်။

ရန်ကုန်၊ လှိုင်သာယာမြို့နယ်မှ လီဟန်ကို ရောင်းစားခဲ့သည့် မြန်မာပွဲစားနှစ်ယောက် ထောင်ကျသွားပြီဖြစ်သည်။

“ယောက်ျားသာ နှစ်ယောက် ပြောင်းလိုက်ရတာ ပွဲစားက ပိုက်ဆံတစ်ပြားမှ ကျွန်မကို မပေးဘူး။ အိမ်ကိုလည်း မပို့ပေးဘူး။ ပြည့်တန်ဆာတောင် ဆက်ဆံရင် ပိုက်ဆံရအုံးမယ်” ဟု  လီဟန်က Myanmar Now နှင့် နိုဝင်ဘာလတွင် တွေ့ဆုံစဉ် ပြောပြသည်။

လီဟန် အသက်လု ထွက်ပြေး လွတ်မြောက်ခဲ့သော်လည်း ပြည်တော်ပြန်ခရီးစဉ်က  စိတ်ကျေနပ်စရာ မရှိပေ။ ပတ်ဝန်းကျင်က လူကုန်ကူး ရောင်းစားခံရသည့်သူ့ကို ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူပမာ သဘောထား  ဆက်ဆံကြသည်ဟု ဆိုသည်။  ဝင်ငွေ အသင့်အတင့် ရရှိသည့် အလုပ်အကိုင် ရရှိနိုင်ရန်လည်း ခဲယဉ်းနေသည်။

“အခုချိန်မှာ အလုပ်ကို အသည်းအသန် လိုချင်နေတယ်။ ဘာပဲလုပ်ရလုပ်ရ လုပ်ချင်တယ်။ အိမ်ဖော် လုပ်ရလည်း ရတယ်။ ပြန်လာတာ မှားတယ်လို့တောင် ကျွန်မ စတွေးနေမိပြီ” ဟု ဝမ်းနည်းနေသည့် လီဟန်က ပါးပြင်ပေါ်စီးကျလာသော မျက်ရည်များကို ဖယ်ရှားရင်း ပြောလိုက်သည်။

Mizzima Weekly