မြန်မာ့ခရီးသွားလုပ်ငန်းစျေးကွက်မြှင့်တင်တော့မယ့် ခီမောင်နှံ

မြန်မာ့ခရီးသွားလုပ်ငန်းစျေးကွက်မြှင့်တင်တော့မယ့် ခီမောင်နှံ

 

ဇန်နဝါရီ၊ ရန်ကုန် ။            ။ ဒါရိုက်တာ ခရစ္စတီးနားခီနဲ့ သရုပ်ဆောင်ဇဏ်ခီတို့ ဇနီးမောင်နှံကို မြန်မာ့ခရီးသွားလုပ်ငန်း စျေးကွက် မြှင့်တင်ရေး အသင်း (MTM) က အသင်းရဲ့ Ambassador တွေအဖြစ် ခန့်အပ်လိုက်ပါတယ်။

ဇန်နဝါရီလ ၁ရရက်နေ့က Myanmar Plaza မှာ ကျင်းပခဲ့တဲ့ မြန်မာ့ ခရီးသွားလုပ်ငန်းစျေးကွက် မြှင့်တင်ရေး အသင်းရဲ့ Yangon Steps 2019 “မသိဘူးလျှောက်မယ်” အစီအစဉ်နဲ့ ပတ်သတ်ပြီး သတင်းစာရှင်းလင်းပွဲမှာ တရားဝင် မိတ်ဆက်ခဲ့တာလည်း ဖြစ်ပါတယ်။

Ambassador ဖြစ်လာကြတဲ့ ဇနီးမောင်နှံက တိုင်းပြည်တစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ ခရီးသွားလုပ်ငန်းနဲ့လည်း ဆိုင်တာမို့ ဒီအလုပ်ကို လက်ခံရတာလို့ ဆိုပါတယ်။

“တကယ်လို့ Tourism များသွားပြီဆိုရင် သူတို့နိုင်ငံမှာ ထမင်းဆိုင်တွေ အများကြီးပေါ်လာမယ်။ သူတို့ မြို့မှာ လက်မှု ပညာတွေ ထွန်းကားလာမယ်။ အဲ့လိုဆိုရင် အလုပ်တွေ ပိုပေါများလာမယ်။ မီးမရှိတဲ့အခါ ဝင်ငွေ ကောင်းတဲ့ မြို့ဆိုတော့ လျှပ်စစ်မီးတွေ ပိုပြီးတော့ သွယ်လာနိုင်မယ်။ အဲ့ဒီ ရည်ရွယ်ချက်က ကောင်းတယ်လို့ မြင်တယ်ပေါ့နော်။ ဒါကြောင့်မို့ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးဆိုတာ ငွေတစ်ခုတည်း အတွက်မဟုတ်ဘဲ ကျွန်မတို့ ဒီဟာကို ပါဝင်ပတ်သတ်ဖို့ဆိုတာ တိုင်းပြည်တစ်ခုအနေနဲ့ ဖွံ့ဖြိုးတဲ့ Directionက မှန်တယ်။ ဒီ Direction ကိုပဲ တူတူသွားရမယ်ဆိုတာကို သတ်မှတ်လို့ ဒီအလုပ်ကို လက်ခံလိုက်တာပါ”လို့ ဒါရိုက်တာ ခရစ္စတီးနားခီက ပြောပါတယ်။

ပြည်သူအားလုံးပါဝင်နိုင်စေဖို့ ရည်ရွယ်တဲ့ Yangon Steps 2019 လှုပ်ရှားမှုအတွက် မြန်မာ့ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန၊ မြန်မာ့ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းဝန်ကြီးဌာန၊ ရန်ကုန်တိုင်းအစိုးရတို့က ၀ိုင်းဝန်းကူညီခဲ့ပြီး မြန်မာ့ ခရီးသွားလုပ်ငန်း စျေးကွက်မြှင့်တင်ရေး အသင်းက စီစဉ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

“ကျွန်တော်တို့ များသောအားဖြင့် နိုင်ငံခြားက Tourist တွေ ရန်ကုန်ရောက်ပြီဆိုရင် များသောအားဖြင့် ရွှေတိဂုံပဲ သွားကြတာများတယ်။ တစ်ခြားဘယ်မှလည်း မသိကြဘူးလေ။ သွားလည်း မသွားဖြစ်ကြဘူးဆိုတော့ ဒီ Yangon Steps ကတော့ ကျွန်တော်တို့ ဦးတည်ပြီးသွားမယ့်၊ လမ်းလျှောက်မယ့် နေရာတွေက ဘာတွေလည်း ဆိုတော့ ဒီရန်ကုန်မြို့ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့၊ ဒါပေမယ့် အမြဲတမ်း လစ်လျူရှုခံထားရတဲ့ နေရာတွေရှိတယ်ပေါ့။ ဥပမာ ကိုလိုနီခေတ်က အဆောက်အဦကြီးတွေတို့ စသည်ဖြင့်ပေါ့လေ။ ကျွန်တော်တို့ လမ်းလျှောက်ဖြစ်တဲ့ အချိန်ကျရင်လည်း အဲ့လိုနေရာတွေကို ရွေးပြီးတော့ လမ်းလျှောက်မယ်ပေါ့နော်”ဟု သရုပ်ဆောင်ဇာဏ်ခီက ပြောသည်။

အဆိုပါလှုပ်ရှားမှုတွင် ပလတ်စတစ် မသုံးဖို့ ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စများကိုပါ တစ်ပြိုင်နက်တည်း လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly