တောင်တွင်းကြီးတွင် ဆိုင်ကယ်နှင့်စက်ဘီး မျက်နှာချင်းဆိုင်တိုက်မိရာမှ လူသေဆုံးမှုဖြစ်

By တင်ရွှေ/ကျော်ဇေယျာ(တောင်တွင်း)
18 January 2019
တောင်တွင်းကြီးတွင် ဆိုင်ကယ်နှင့်စက်ဘီး မျက်နှာချင်းဆိုင်တိုက်မိရာမှ လူသေဆုံးမှုဖြစ်

ဇန်နဝါရီ ၁၈၊ မကွေး ။         ။ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ တွင် ဇန်နဝါရီလ ၁၇ ရက်၊နေ့လည်၂း၁၀ နာရီအချိန်ခန့်တွင် အ.ထ.က(၁)ကျောင်းအနီး ဆိုင်ကယ်နှင့်စက်ဘီး မျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွားရာမှ စက်ဘီးစီးနင်းသူသေဆုံးပြီး ဆိုင်ကယ်စီးနင်းသူ ထွက်ပြေးတိမ်းရှောင်နေကြောင်း တောင်တွင်းကြီးမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ နေ့လည် ၂း၁၀ နာရီအချိန်ခန့်က ပြည်လမ်းအတိုင်း မြောက်မှတောင်သို့ ဆိုင်ကယ်ယာဉ်မောင်း(စုံစမ်းဆဲ)စီးနင်းမောင်းနှင်လာသော ဆိုင်ကယ်(နံပါတ်/အမျိုးအစား/အရောင်)မမှတ်မိ ဆိုင်ကယ်သည် ၎င်းလမ်းအတိုင်း မျက်နှာချင်းဆိုင်မှ ဦးသန်းဌေး(သ)၆၅ နှစ်(ဘ)ဦးချိတ်ဆန်း၊ အုန်းတော(၂)ရပ်ကွက်၊အပိုင်း(၃)၊တောင်တွင်းကြီးမြို့ နေသူ စီးနင်းလာသော HOKAIDO စိမ်းပုတ်ရောင် စက်ဘီးအား လမ်းလယ်တွင် မျက်နှာချင်းဆိုင်ဝင်ရောက်တိုက်မိခဲ့သည်။

ဆိုင်ကယ်ယာဉ်မောင်း(စုံစမ်းဆဲ)မှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး ယာဉ်တိုက်မှုကြောင့် ဦးသန်းဌေးတွင် ဝဲဂျိုစောင်း(၁)လက်မခန့် ပေါက်ပြဲသွေးထွက်ဒဏ်ရာ၊ နှာခေါင်းသွေးထွက်ဒဏ်ရာ၊ ဝဲဘက်နား သွေးထွက်ဒဏ်ရာ၊ ဝဲတံတောင်ဆစ်ပွန်းပဲ့သွေးထွက်ဒဏ်ရာ(စိုးရိမ်ရ)တို့ ရရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိသဖြင့် တောင်တွင်ကြီးမြို့ မရဲစခန်း၏ ရဲဆေးစာနှင့်အတူ မြို့ နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။

တောင်တွင်းကြီးဆေးရုံမှတဆင့် နေပြည်တော်ကုတင်(၁ဝဝဝ)ဆံ့ ဆေးရုံသို့ လွှဲပြောင်းပေးခဲ့ပြီး တောင်တွင်း ကြီး-နေပြည်တော်လမ်း နယ်ခြားမှတ်တိုင်အရောက် ရရှိသည့်ဒဏ်ရာများဖြင့်သေဆုံးသွားခဲ့သည်။ ထို့ကြောင့် ယာဉ်အား မဆင်မခြင်မောင်းနှင်ပြီး လမ်းအလယ်တွင် တိုက်မိ၍ ယာဉ်တိုက်မှုဖြစ်စေသူ ဆိုင်ကယ်ယာဉ်မောင်း (စုံစမ်းဆဲ)နှင့် ဦးသန်းဌေး တို့အား ဥပဒေအရအရေးယူပေးပါရန် တိုင်တန်းမှုကြောင့် တောင်တွင်းကြီးမြို့ မရဲစခန်းမှ ယာဉ်(ပ) ၅/၂၀၁၉၊ရာဇသတ်ကြီးပုဒ်မ-၃၀၄ က/၂၀၂ ဖြင့် အမှုရေးဖွင့်ပြီး စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly