ကချင်နိုင်ငံတည်ထောင်ဖို့ ကြေညာချက်ထုတ်

ကချင်နိုင်ငံတည်ထောင်ဖို့ ကြေညာချက်ထုတ်
Photo-EPA

ရန်ကုန်၊ဇန်နဝါရီ ၁၇ ။              ။ ကချင်ပြည်နယ်ကို လွတ်လပ်သော ကချင်နိုင်ငံတော်အဖြစ် ထူထောင်ဖို့ ဆုံးဖြတ်ကြောင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပခဲ့သည့် ကချင်လူမျိုးများ၏ ညီလာခံမှ  ကြေညာလိုက်သည်။

ဇန်နဝါရီ ၁၂ ရက်နေ့မှ ဇန်နဝါရီ ၁၄ ရက်နေ့ထိ ချင်းမိုင်မြို့တွင် ၃ ရက်ကြာ ကျင်းပပြုလုပ်ခဲ့သည့် ကချင်အမျိုးသားညီလာခံတွင် ယင်းသို့ သဘောတူဆွေးနွေးဆုံးဖြတ်ခဲ့ခြင်းဟု ထိုကြေညာချက်တွင် ဖော်ပြပါရှိသည်။

"ညီလာခံမှာ တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်တွေက လက်ရှိနိုင်ငံရေးအခြေနေပေါ်မှာ လေ့လာ သုံးသပ်ပြီးမှ ထုတ်ပြန်ထားတာဖြစ်တယ်။ လက်ရှိ အစိုးရသစ်နဲ့ ဆွေးနွေးတိုင်ပင်မှုတွေ လုပ်ပြီးပြီ။ ကျွန်တော်တို့ ကချင်လူမျိုးတွေအတွက် တိကျပြတ်သားတဲ့ အဖြေရယ်၊ ကျွန်တော်တို့ အခြေနေက တစ်နေ့ထက်တစ်နေ့ ပိုပြီးမှ ဆိုးလာတယ်။ အစိုးရအနေနဲ့လည်း အလေးနက်ထားပြီး စဉ်းစားပေးတာ မရှိသေးဘူး။ အဲဒီအခါကျတော့ အခြေနေအရပ်ရပ်ကို စဉ်းစားလေ့လာ သုံးသပ်ပြီးမှ ဒီမှာ တက်ရောက် လာကြတဲ့ ကိုယ်စားလှယ်တွေက ဒီလို ဆုံးဖြတ်ရတာဖြစ်တယ် " ဟု ကြေညာချက်နှင့် ပတ်သက်၍ မဇ္စျိမမှ မေးမြန်းစဉ် ကချင်အမျိုးသားညီလာခံ ဖြစ်မြောက်ရေး ကော်မတီဝင် ဦးနော်လတ်က ဖြေကြားခဲ့သည်။

ယခုလို နိုင်ငံတော်ထူထောင်ဖို့ ဆုံးဖြတ်ချက်သည် ကချင်ပြည်နယ်အတွင်းရှိ လှုပ်ရှားအဖွဲ့အစည်းများ အားလုံးနှင့် တစ်ခြားတစ်သီးပုဂ္ဂလများပါ တက်ရောက်ကာ ဆုံးဖြတ်မှုဖြစ်၍ ကချင်ပြည်နယ်တစ်ခုလုံးကို ကိုယ်စားပြုသည်ဟု ၎င်းက ဆိုသည်။

" ကျွန်တော်တို့က လက်ရှိပကတိမြေပြင်ပေါ်မှာ ဖြစ်နေတဲ့အခြေနေကို အစိုးရအနေနဲ့ သေချာ လေ့လာသုံးသပ်ဖို့ တစ်ဖက်ကနေ သတိထားမိဖို့ မီးမောင်းထိုးပြသလိုလည်း ဖြစ်တယ်။ ကျွန်တော်တို့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ကိုယ့်မြေကိုယ့်ရေနဲ့ နေလာတဲ့လူမျိုးတွေဖြစ်တယ်ဆိုတာကို သိစေချင်တယ်။ ကျွန်တော်ဟာ ပြည်ထောင်စုဆိုတာ မပေါ်လာခင်မှာ သီးခြားနေတဲ့ လူမျိုးဖြစ်တယ်။ အခု ဖက်ဒရယ်ပြည်ထောင်စုလို့ ဆိုလိုက်တဲ့ အချိန်မှာ တစ်ဖက်သတ် ဆွေးနွေးချက်တွေအပေါ်မှာပဲ ကျွန်တော်တို့ထားပြီး ဆွေးနွေးနေရတဲ့ အခြေနေမှာရှိတယ်။ အဲ့ဒါကြောင့်မို့ ကျွန်တော်တို့ရဲ့ ပကတိ ခံစားနေရတဲ့ အခြေနေတွေကို သိအောင် သီးခြားနိုင်ငံအနေနဲ့ နေထိုင်လို့ ရတယ်ဆိုတဲ့ အခြေနေနဲ့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်။ လက်ရှိသွားနေတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို အနှောက်ယှက် ဖြစ်အောင် ထုတ်ပြန်တာမျိုးမဟုတ်ဘူး။ " ဟု ကချင်အမျိုးသားညီလာခံ ဖြစ်မြောက်ရေး ကော်မတီဝင် ဦးနော်လတ်ကပြောသည်။

အဆိုပါ ညီလာခံတွင် ကချင်ပြည်နယ်၏ အချုပ်အခြာအာဏာကို ပြည်သူတွေထံတွင် အပြည့်အဝရှိသော ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရန်အတွက် သဘောတူခဲ့ခြင်းဖြစ်ပြီး ကချင်ပြည်သူများ၏  ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် မြေယာတွေလုံခြုံမှုရှိရေးကို ကြိုးစား လုပ်ကိုင်ဖို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းညီလာခံတွင် ပြည်တွင်း၊ ပြည်ပမှ ကချင်အမျိုးသားအဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များ၊ ဘာသာရေး ခေါင်းဆောင်များ၊ ကချင်နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ ကချင်လူမှုအဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင်များ၊ ကချင်ပြည်နယ်မှ လက်နက်ကိုင်တချို့အပါအဝင် လူဦးရေ (၂၂၀) တက်ရောက်ခဲ့ကြသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

သို့သော် ကချင်ပြည်နယ်အတွင်းမှ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းများ တက်ရောက်ခဲ့သည်ကို အတိအကျ ဖြေကြားဖို့ မေးမြန်းခဲ့ရာတွင် “စတိတ်မန့်မှာ ပါတဲ့အတိုင်းပဲ” ဟုသာ ဦးနော်လတ်က ဖြေကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly