လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာမှုကြောင့် မကွေးတွင် ရထားစီးခရီသည် လျော့ကျလာ

လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာမှုကြောင့် မကွေးတွင် ရထားစီးခရီသည် လျော့ကျလာ

မကွေး၊ ဇန်နဝါရီ ၁၇ ။           ။ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာမှုကြောင့် မကွေးတိုင်းဒေသကြီး၊ မကွေး - တောင်တွင်း - နေပြည်တော် အမှတ်(၁၉၁-၁၉၂)အစုန်အဆန် ရထားခရီးစဉ်တွင် ရထားစီးနင်းသည့်ခရီးသွားဦးရေသည်များစွာကျဆင်းခဲ့ကြောင်း မြန်မာ့မီးရထား ဘူတာရုံ(မကွေး)မှ သိရသည်။

“ဘာကြောင့်ဖြစ်မလဲဆိုတော့ အရင်တုန်းကထက် လမ်းပန်းဆက်သွယ်ရေးတွေက ကောင်းလာလို့ လို့ ပြောရမှာပါပဲ။ ကျေးရွာချင်းဆက်လမ်းတွေ ပေါက်လာတော့ ကား၊သုံးဘီး၊ ထော်လာဂျီ၊ ဆိုင်ကယ်တွေနဲ့ပါ သွားလာနိုင်နေကြပြီဖြစ်လို့ ရထားစီးသူဦးရေက တဖြည်းဖြည်းနဲ့ လျော့နည်း လာတာဖြစ်မယ်လို့ သုံးသပ် နိင်ပါတယ်” ဟု မကွေးဘူတာမှ ရုံပိုင်ကြီး ဦးတင်သိန်းက ဆိုသည်။

မကွေးမြို့မှ မီးရထားစဆွဲစဉ် ၁၉၉၉ခုနှစ်က ခရီးသည် (၇၀၀)ကျော်ထိရှိခဲ့သော်လည်း လက်ရှိအချိန်တွင် နေ့စဉ်(၁၀)ဦးခန့်သာရှိကြောင်း၊ ထိုသို့ခရီးသည်ကျဆင်းလာခြင်းမှာ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာမှုနှင့် ရထားစီးရန်အချိန်ကြာမြင့်မှု့ကြောင့်ဖြစ်ကြောင်း သိရသည်။

“ဒီနေ့ ရထားစီးတဲ့ခရီးသည် (၃)ဦးပဲရှိတယ်။ နေ့ခင်းတောင် မြို့ထဲကနေဘူတာကိုလာရင် ကယ်ရီခ ငါးရာပေးရတယ်။ ညဆိုရင် ကယ်ရီခပိုများမယ်။ လမ်းပန်းဆက်သွယ်ရေးကောင်းလာတော့ ရထားမစီးကြတော့ဘူး။ တစ်စီးတည်းတောင်တော်တော်ရှုံးတယ်။ နှစ်စီးဆိုတော့ ပိုရှုံးမယ်” ဟု မကွေးမီးရထားရုံပိုင်ကြီးဦးတင်သိန်းက ဆက်ပြော သည်။

မကွေးမှ တောင်တွင်းသို့ သွားသည့်ရထားသည် တစ်နာရီလျှင် (၂၅)မိုင်နှုန်းသာသွားနိုင်ပြီး ဘူတာ (၁၄)ခုတွင်ရပ်နားရသဖြင့် အချိန်ကြာမြင့်မှုများရှိပြီး ခရီးသည်ဦးရေနည်းပါးလာကြောင်း အဆိုပါလမ်းပိုင်း အင်ဂျင်နီယာဌာနမှ အငယ်တန်းအင်/ယာ(၃)ဦးမောင်ကိုက ဆိုသည်။

မကွေး- တောင်တွင်းရထားသည် မနက်(၅)နာရီမှ စတင်ထွက်ခွာပြီး တောင်တွင်းကြီးမြို့သို့ မနက်(၉)နာရီခန့် တွင်ရောက်ရှိကြောင်း ညနေ (၂)နာရီတွင် တောင်တွင်းကြီးမှ ပြန်လည်ထွက်ခွာလာပြီး ညနေ (၆)နာရီဝန်းကျင်ခန့်တွင်မကွေးမြို့သို့ ပြန်လည် ရောက်ရှိကြောင်း မီးရထားဌာနမှ သိရသည်။

အဆိုပါ ရထားခရီးစဉ်တွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်က ခရီးသည်ဦးရေ(၅,၄၃၀)ဦး၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာ နှစ်က ခရီးသည်(၅,၂၀၈)ဦးစီးနင်းမှုများ ရှိခဲ့ပြီး ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ်(၃,၀၃၂,၄၆၀)၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျပ်(၂,၆၈၆,၁၀၀)ဝင်ငွေ ရရှိခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly