ယာယီစခန်းတစ်ခုကိုသိမ်းပိုက်ရရှိကြောင်း တပ်မတော်၏သတင်းထုတ်ပြန်ချက်အပေါ် AA တုန့်ပြန်

ယာယီစခန်းတစ်ခုကိုသိမ်းပိုက်ရရှိကြောင်း တပ်မတော်၏သတင်းထုတ်ပြန်ချက်အပေါ် AA တုန့်ပြန်

ရန်ကုန် ၊ ဇန်နဝါရီ ၁၇ ။              ။ ဘူးသီးတောင်မြို့နယ် သရက်ပြင်ကျေးရွာ အနီးပတ်ဝန်းကျင်ရှိ ရက္ခိုင့်အဖွဲ့ AA ယာယီအခြေပြုထားသည့် စခန်းတစ်ခုအား သိမ်းပိုက်ရရှိကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်သည် သတင်းမှားသာဖြစ်သည်ဟု ရက္ခိုင့်အဖွဲ့ AA မှ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက မဇ္စျိမသို့ ပြောသည်။

 “ဒါ သတင်းအမှားတွေပါ။ ကျွန်တော်တို့ဘက် စခန်းတွေဘာတွေကျတဲ့ဟာ မရှိဘူး။ အဲ့လိုဖြစ်စဉ်မျိုး ဒီရက်ပိုင်းမှာ ဘာမှမရှိဘူး” ဟု ခိုင်သုခက ဆိုသည်။

 တပ်မတော်ဘက်က သတင်းထုတ်ပြန်ချက်တွင် AA အဖွဲ့မှ ယာယီအခြေပြုထားသည့် စခန်းတစ်ခုအား ဇန်နဝါရီ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် တပ်မတော်စစ်ကြောင်းမှ  သိမ်းပိုက်ရရှိခဲ့သည်ဟု ရေးသားထားသည်။

 အဆိုပါထိတွေ့တိုက်ပွဲတွင် AA ဘက်မှ အလောင်းငါးလောင်း၊ အမ် (၂၂) သေနတ်တစ်လက် ၊အမ်(၁၄) သေနတ်တစ်လက် နှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့သည်ဟုလည်း တပ်မတော်ဘက်က ဆိုသည်။

 သို့သော်လည်း ရက္ခိုင့်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ၏ ပြောဆိုချက်အရ ဇန်နဝါရီ ၁၃ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် သရက်ပြင်ကျေးရွာအနီး၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ယနေ့(ဇန်နဝါရီ ၁၇)အထိ တိုက်ပွဲဖြစ်ပွားခြင်းမရှိဟု သိရသည်။

 “၁၆ ရက်နေ့ တစ်နေ့လုံးမှာ ထိတွေ့တိုက်ခိုက်မှုဖြစ်စဉ်ဘာမှမရှိဘူး” ဟု ခိုင်သုခက ဆိုသည်။

 ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ကျေးရွာ၏ အရှေ့တောင်ဘက်မီတာ ၅၀၀၀ ခန့်အကွာရှိ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ယာယီစခန်းတစ်ခုအား ဇန်နဝါရီ ၁၆ရက် နံနက်ပိုင်းတွင် တပ်မတော် စစ်ကြောင်းက တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်ခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး မဇ္စျိမ မှ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ထံ ဖုန်းဖြင့်ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

 ဘူးသီးတောင်မြို့နယ် သရက်ပြင်ကျေးရွာအနီး၌ ဇန်နဝါရီ ၁၃ ရက်နေ့တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်(AA) အကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် သရက်ပြင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသားတစ်ဦးကို AA အဖွဲ့ထံ သတင်းပေးသည်ဟုဆိုပြီး တပ်မတော်မှ အရေးယူထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly