ဥပဒေစိုးမိုးရေးအတွက် ဥရောပသမဂ္ဂနှင့် ဗြိတိသျှကောင်စီတို့၏ MyJustice အစီအစဉ်စပြီ

ဥပဒေစိုးမိုးရေးအတွက် ဥရောပသမဂ္ဂနှင့် ဗြိတိသျှကောင်စီတို့၏ MyJustice အစီအစဉ်စပြီ

စက်တင်ဘာ ၃၀ ရက် ။          ။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအပြောင်းအလဲအတွက် တရားဥပဒေစိုးမိုးရေးသည် မရှိမဖြစ် အလွန်အရေးကြီးသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ ကိုယ်စားလှယ်ရုံးမှ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အကြီးအကဲ Ms Isabel Faria de Almeida က ပြောဆိုလိုက်သည်။

တရားဥပဒေစိုးမိုးရေးမရှိလျင် စစ်မှန်သည့်ဒီမိုကရေစီလည်းမရှိနိုင်ဟုလည်း သူမကပြောကြားသည်။

မြန်မာနိုင်ငံအနှံ့မှ ဆင်းရဲသူများနှင့် လူနည်းစုများအတွက် တရားမျှတမှုလက်လှမ်းမီရေးကို မြှင့်တင်ရန်ရည်ရွယ်ပြီး ဥရောပသမဂ္ဂနှင့် ဗြိတိသျှကောင်စီတို့ပူးပေါင်း၍ MyJustice အစီအစဉ်သစ်အား ၂၀၁၅ ခုမှ ၂၀၁၉ အထိ လေးနှစ်ကြာ ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။

ဥရောပသမဂ္ဂမှ ယင်းအစီအစဉ်အတွက် မြန်မာကျပ် ဘီလီယံ ၃၀ နှင့်ညီမျှသည့် ယူရိုငွေ သန်း ၂၀ ကို ထောက်ပံ့ပေးမည် ဖြစ်ပြီး ဗြိတိသျှကောင်စီက စီမံခန့်ခွဲမှုတာဝန်ယူသွားမည်ဟု ၎င်းတို့၏ ပူးတွဲထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

MyJustice အစီအစဉ်သည် မှန်ကန်သည့် တရားဥပဒေစိုးမိုးရေးကို လူအများသိရှိစေရန် ဆောင်ကျဉ်းပေးပြီး ပြည်သူလူထုအတွက် လက်တွေ့အကျိုးများ ရရှိမည်ဟုလည်း Ms Isabel Faria de Almeida က ပြောသည်။

ယင်းအစီအစဉ်အရ စေ့စပ်ညှိနှိုင်းဖြေရှင်းမှု၊ ဥပဒေရေးရာအထောက်အပံ့အပါအဝင် ချဉ်းကပ်မှုနည်းလမ်းအသစ်များကို ရပ်ရွာလူထု၊ ဥပဒေပညာရှင်များ၊ တရားမျှတမှုဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် အသုံးပြုတတ်စေရန်သာမက တရားမျှတမှုဆိုင်ရာပြဿနာများအား ဒေသခံများကိုယ်တိုင် ဦးဆောင်ဖြေရှင်းသည့်နည်းလမ်းများကိုလည်း ပျိုးထောင် သွားမည်ဟု သိရသည်။

အပြန်အလှန်သင်ယူမှု၊ ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို အထောက်အကူဖြစ်စေရန် လူထုအခြေပြု ချဉ်းကပ် ဆောင်ရွက်ခြင်းနည်းလမ်းကို အသုံးပြုမည်။ ထို့ပြင် တိုင်းနှင့် ပြည်နယ် ၆ ခုရှိဒေသခံ များနှင့် ညှိနှိုင်းလျက် သင့်တင့်သည့် တရားမျှတမှုဆိုင်ရာ ဝန်ဆောင်မှုများကိုလည်း ပံ့ပိုးပေးသွားမည်ဖြစ်သည်။

MyJustice အစီအစဉ်သည် မြန်မာနိုင်ငံအတွက် ဆောင်ရွက်ရန်ရှိနေသည့် အဓိကကျသော ကဏ္ဍများထဲမှာ အရေးပါသည့်ခြေလှမ်းတစ်ရပ်ဖြစ်သည်ဟု ဗြိတိသျှကောင်စီ မြန်မာရုံး ညွှန်ကြားရေးမှူး Mr Kevin Mackenzie ကပြောသည်။

"တရားမျှတတဲ့ ဥပဒေစိုးမိုးရေးဆောင်ရွက်ဖို့ဆိုတာဟာ လူပုဂ္ဂိုလ်တစ်ဦးချင်း၊ ရပ်ရွာလူထု၊ ဌာနဆိုင်ရာနဲ့ အဖွဲ့အစည်းတွေအကြား အချင်းချင်းယုံကြည်မှုအပေါ်မှာမူတည်ပါတယ်။ ဗြိတိသျှကောင်စီကလည်း ယုံကြည်မှု တည်ဆောက်တာကို ဦးတည်ချက်အနေနဲ့ အမြဲတမ်းထားပါတယ်။" ဟု ၎င်းကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly