လူ ၁၄ ဦး သေဆုံးခဲ့သည့် ဇိမ်ခံဟိုတယ် တိုက်ခိုက်ခံရမှု ကျူးလွန်သူအားလုံးကို သုတ်သင်နိုင်ခဲ့ကြောင်း ကင်ညာသမ္မတ ထုတ်ပြန်

လူ ၁၄ ဦး သေဆုံးခဲ့သည့် ဇိမ်ခံဟိုတယ် တိုက်ခိုက်ခံရမှု ကျူးလွန်သူအားလုံးကို သုတ်သင်နိုင်ခဲ့ကြောင်း ကင်ညာသမ္မတ ထုတ်ပြန်

ဇန်နဝါရီ ၁၆  ။              ။ ကင်ညာနိုင်ငံ မြို့တော် နိုင်ရိုဘီက ဇိမ်ခံဟိုတယ်ကြီးတစ်ခုကို ဇန်နဝါရီ ၁၅ ရက်က သေနတ်သမားတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တာကြောင့် လူပေါင်း ၁၄ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။

နာရီပေါင်း ၂၀ နီးပါးကြာမြင့်ခဲ့တဲ့ ယင်း ဟိုတယ် စီးနင်းတိုက်ခိုက်မှု ဖြစ်စဉ် အပြီးမှာ ယခုအခါ ကျူးလွန်သူ သေနတ်သမား အားလုံးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း ကင်ညာ သမ္မတ အူဟူရူ ကင်ယက်တာက ဇန်နဝါရီ ၁၆ ရက်မှာ ထုတ်ပြန်ပြောဆိုပါတယ်။

"Dusit complex က လုပ်ခဲ့ရတဲ့ သုတ်သင်ရှင်းလင်းမှုကတော့ ခုချိန်မှာ ပြီးသွားပါပြီ၊ အကြမ်းဖက်သမား အားလုံးကို ရှင်းလင်းလိုက်နိုင်ပါတယ်" ဆိုပြီး ကင်ယက်တာက ရုပ်သံ မိန့်ခွန်းတစ်ရပ်မှာ ပြောသွားပါတယ်။

" ခု လောလောဆယ် အတည်ပြုနိုင်တာက အပြစ်မဲ့ ၁၄ ဦး သေဆုံးခဲ့ရပါတယ်၊ အခြား ဒဏ်ရာရသူတွေလည်း ရှိပါတယ်" လို့ ၎င်းက ပြောသွားပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ ယင်း ဟိုတယ် စီးနင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ အရပ်သား ၇၀၀ ကျော်ကို ကယ်ထုတ်ပေးခဲ့ရကြောင်းလည်း ၎င်းက ပြောသွားပါသေးတယ်။

တိုက်ခိုက်သူ သေနတ်သမား အရေအတွက် ဘယ်လောက် ရှိခဲ့သလဲ ဆိုတာကိုတော့ ၎င်းက တိတိကျကျ ထုတ်ပြန်သွားခြင်း မရှိပါဘူး။

ထွက်ပေါ်လာတဲ့ စီစီတီဗွီ ပြကွက်တွေထဲမှာတော့ အနက်ရောင် မျက်နှာဖုံးစွပ် သေနတ်သမား လေးဦး ယင်းဟိုတယ် အဆောက်အအုံဆီ ဝင်ရောက်လာတာကို မြင်တွေ့ခဲ့ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly