မကွေး ယင်းချောင်းတံတားထိပ်မှ ဆရာစံနှင့် သခင်ဖိုးလှကြီးရုပ်တုများကို ပြုပြင်မွမ်းမံရန် လိုလား

မကွေး ယင်းချောင်းတံတားထိပ်မှ ဆရာစံနှင့် သခင်ဖိုးလှကြီးရုပ်တုများကို ပြုပြင်မွမ်းမံရန် လိုလား

မကွေး၊ ဇန်နဝါရီ ၁၆ ။            ။ မကွေးတိုင်းဒေသကြီး မကွေးမြို့နှင့် ၁၃ မိုင်ခန့်ကွာဝေးသည့် ယင်းချောင်းတံတားမြောက်ဘက်ထိပ်ရှိ သမိုင်းဝင် ဆရာစံနှင့်သခင်ဖိုးလှကြီးရုပ်တုများကို ပြုပြင်မွမ်းမံပေးစေလိုကြောင်း ဒေသခံများထံမှ သိရသည်။

 “ဒီပန်းခြံထဲမှာလည်း ပန်းပင်နဲ့ တူတဲ့ အပင်ဆိုတာ မတွေ့ရဘူး။ဆိတ်တို့ နွားတို့ ကျောင်းဖို့ စားကျက်မြေ ဖြစ်နေတယ်။ ခရီးသွားများ အပေါ့အလေးသွားရာမြေအဖြစ်နဲ့ စိတ်မကောင်းဖွယ်ရာ တွေ့မြင်နေရတော့ ဒီ ဆရာစံတို့သခင် ဖိုးလှကြီးတို့ရဲ့ ပန်းခြံကို ပြုပြင်စေချင်တယ်” ဟု သရက်လေးပင်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ရုပ်တုကြီးများသည် လက်ချောင်းများပြတ်နေပြီး သက်ဆိုင်ရာမှ အမြန်ဆုံး ပြုပြင်ထိန်းသိမ်း စောင့်ရှောက်ရန်လိုအပ်နေကြောင်း ပန်းခြံမှာလည်း ခြုံနွယ်များ ရှင်းလင်းခြင်းမရှိကြောင်း ဒေသခံများက ဆိုကြသည်။

“ဆရာစံ၊ သခင်ဖိုးလှကြီး ပန်းခြံနဲ့ ပတ်သက်၍သန့်ရှင်းရေးကတော့ မကြာခဏ ဆောင်ရွက်နေပါတယ်။ အပျက်အစီးနဲ့ပတ်သက်ပြီး တင်ပြထားတာမရှိသေးပါဘူး။ လိုအပ်နေတာတွေလုပ်ဆောင်နိင်ဖို့ ကွင်းဆင်း စစ်ဆေးကြည့်ရှုဖို့ ကျွန်တော် ညွှန်ကြားပေးပါမယ်” ဟု မကွေးမြို့နယ်မှ အုပ်ချုပ်ရေးမှူးဦးမြင့်လွင်က ပြောသည်။

နယ်ချဲ့ဗြိတိသျှတို့ကို ဆန့်ကျင်တိုက်ခိုက်သော လူထုလှုပ်ရှားမှုများအနက် တောင်သူလယ်သမားအရေး တော်ပုံနှင့် (၁၃ဝဝ) ပြည့်အရေးတော်ပုံတို့သည် အကြီးမားဆုံးနှင့် အပြင်းထန်ဆုံး လူထုလှုပ်ရှားမှုကြီးများ ဖြစ်ခဲ့သည်။ အဆိုပါအရေးတော်ပုံကြီးများမှ တောင်သူလယ်သမားခေါင်းဆောင်ဆရာစံနှင့် ချောက်ရေနံမြေ သပိတ်မှ အလုပ်သမားခေါင်းဆောင် အာဠာဝက သခင် ဖိုးလှကြီးတို့မှာ အထူးထင်ရှားကျော်ကြားခဲ့ပြီး မြန်မာနိုင်ငံ၏ သမိုင်းဝင်ပုဂ္ဂိုလ်ကြီးများလည်း ဖြစ်ခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly