YBS ငွေပေးချေကတ်များကို စတိုးဆိုင်များနှင့်ဘတ်စ်ကားမှတ်တိုင်များတွင်ပါ ရောင်းချပေးမည်

YBS ငွေပေးချေကတ်များကို စတိုးဆိုင်များနှင့်ဘတ်စ်ကားမှတ်တိုင်များတွင်ပါ ရောင်းချပေးမည်
 ဓာတ်ပုံ - သက်ကို

ရန်ကုန်၊ ဇန်နဝါရီ ၁၆ ။          ။ ရန်ကုန်ဘတ်စ်ကားစနစ် YBS ယာဉ်စီးခပေးချေသည့်ကတ်များကို စတိုးဆိုင်များအပြင် ဘတ်စ်ကား မှတ်တိုင်များတွင်ပါ ရောင်းချပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကွဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှသိရသည်။

အဆိုပါ ငွေဖြည့်ကတ်များကို စတင်မိတ်ဆက်ခဲ့သည့် YRTA ၏ ၂ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့ခြင်းဖြစ်သည်။

“ မိတ်ဖက်ပါတနာအနေနဲ့ g&g စတိုးတွေမှာ နောက်ထပ် ABC တို့ ခရီးသွားပြည်သူတွေ အလွယ်တကူဝယ်ယူလို့ ရတဲ့နေရာတွေမှာ အကုန်လုံးမှာ ဖြန်ချိရေးလမ်းကြောင်းတွေကို သေသေချာချာလုပ်သွားရမှာဖြစ်ပါတယ် “ ဟု ကတ်စနစ်တင်ဒါအောင်မြင်ခဲ့သည့် Asia Starmar Transport Intelligence ကုမ္မဏီမှ Chief information officer ကိုသန်းထိုက်က ပြောသည်။

မြန်မာငွေကျပ် ၂၀၀၀ ခန့်ဖြင့် ရောင်းချသွားရန်ရှိသည့် အဆိုပါ ယာဉ်စီးခပေးချကတ်စနစ်တွင် အသုံးပြုမည့် စက်များကို  ယာဉ်အတက်နှင့် အဆင်းပေါက်တွင် ထားရှိသွားမည်ဖြစ်ပြီး ဖေဖော်ဝါရီလတွင် အစောဆုံး စတင်အသုံးပြုနိုင်ရန် ရည်ရွယ်ထားကြောင်းလည်း YRTA မှ သိရသည်။

ထို့အပြင် ပထမအသုတ်အနေဖြင့် ယာဉ်စီးကဒ်အရေအတွက် စုစုပေါင်း တစ်သိန်းကို ထုတ်လုပ်ရောင်းချသွားရန် ရှိကြောင်းလည်းသိရသည်။

လက်ရှိတွင် ကတ်စနစ်အတွက် စက်များကို စတင်တပ်ဆင်နိုင်ရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေဆဲသာ ဖြစ်ကြောင်းလည်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဆိုသည်။

“ ဒီကဏ္ဍနဲ့ပက်သက်ရင် မေးခွန်းထုတ်စရာတွေရှိပါတယ်။ အခု ကျွန်တော်တို့ပြေးဆွဲနေတဲ့ OK Dollar တို့ Any Pay တို့လည်း ကတ်တွေရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့သွားမယ့်အဆင့်ဟာ ဒီအဆင့်မျိုးမဟုတ်ပါဘူး။ တကယ့်ကို ပွင့်လင်း မြင်သာမှုရှိပြီး ရေရှည်မှာ ကတ်တိုင်း၊ ကတ်တိုင်း ဘတ်စ်ကားကို တက်စီးနိုင်တဲ့ အဆင့်ကိုသွားနိုင်ဖို့အတွက် အချိန်ယူပြီး ပြင်ဆင်နေပါတယ် “ ဟု ၄င်းက ဆိုသည်။

YBS ယာဉ်လိုင်းများအားလုံးတွင် လာမည့် ဇူလိုင်လအတွင်း ကတ်စနစ်ဖြင့် ငွေပေးချေနိုင်ရန်စီစဉ်နေပြီး ယာဉ်အစီးရေ ၄ ထောင်ကို စက်များ တပ်ဆင်သွားမည်ဖြစ်ကြောင်း YRTA မှသိရသည်။

နောက်ပိုင်းတွင် အဆိုပါကတ်စနစ်ဖြင့် ဘတ်စ်ကားသာမက ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ကဏ္ဍအားလုံးတွင် အသုံးပြုသွားနိုင်ရန်အထိ ရည်ရွယ်ထားကြောင်းလည်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly