အိမ်အကူဒေါ်ကရင်မ သေဆုံးမှု လာမည့်ရုံးချိန်းတွင် စွဲချက်တင်သင့် မတင့်သင် အမိန့်ချမည်

အိမ်အကူဒေါ်ကရင်မ သေဆုံးမှု လာမည့်ရုံးချိန်းတွင် စွဲချက်တင်သင့် မတင့်သင် အမိန့်ချမည်
ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်)

ဇန်နဝါရီလ ၁၆ရက် ။          ။ ရန်ကုန်တောင်ပိုင်းခရိုင်တရားရုံးတွင် စစ်ဆေးနေသော အိမ်အကူ ဒေါ်ကရင်မ သေဆုံးမှုအတွက် တရားစွဲဆို ခံထားရသော ဥပဒေအရာရှိ အမျိုးသမီးကို ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ရုံးထုတ်ခဲ့ပြီး လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် စွဲချက်တင်သင့် မတင်သင့်ကို လာမည့် ရုံးချိန်းတွင် အမိန့်ချမည်ဟု သိရသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့ ရုံးချိန်းတွင် နှစ်ဖက်ရှေ့နေများ လျှောက်လဲချက်ပေးခဲ့ကြပြီး လာမည့်ရုံးချိန်းကို ဇန်နဝါရီလ ရက်၂၃ ရက်သို့ ပြန်ချိန်းဆိုခဲ့သည်။

၂၀၁၈ ခုနှစ် မေလ ၁၉ ရက်နေ့ နေ့လယ်ပိုင်းတွင် အိမ်အကူ ဒေါ်ကရင်မအလုပ်လုပ်ကိုင်နေသော နေအိမ်မှ အိမ်ရှင်အမျိုးသမီးဖြစ်သော ဥပဒေအရာရှိသည် ဒေါ်ကရင်မနှင့်အတူ အုတ်ဖိုကျေးရွာသို့ရောက်ရှိလာပြီး အိမ်နီးချင်းများနှင့် သက်ဆိုင်ရာ ရာအိမ်မှုးများကိုခေါ်ကာ အိမ်အကူဒေါ်ကရင်မမှာ နေမကောင်းသောကြောင့်  လာရောက်ပြန်ပို့တာဖြစ်ကြောင်း ပြောဆို၍ လူနာကိုကောင်းမွန်စွာ လက်ခံရရှိကြောင်း လက်မှတ် ထိုးခိုင်းခဲ့သည်ဟု သိရသည်။

အဆိုပါ အိမ်ရှင်အမျိုးသမီးပြန်သွားပြီးချိန်တွင် အိမ်နီးချင်းများက ဒေါ်ကရင်မအား ရောဂါအခြေအနေနှင့် ပတ်သက်၍ မေးမြန်းကြရာ ဆွဲကြိုးခိုးသည်ဟုစွပ်စွဲပြောဆိုကာ ခြေထောက်ဖြင့်ကန်ခြင်း ကျောက်ပြင်ဖြင့် ထုခြင်းတို့ပြုလုပ်ခဲ့ပြီး လည်ပင်းနှင့် နောက်ကျောတို့၌ ဒဏ်ရာများ ရရှိနေသဖြင့် ဆေးရုံသို့ပို့ဆောင်ရန် ပြင်ဆင်နေစဉ် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်၍ တွံတေးမြို့နယ် ခလောက်ချိုက်နယ်မြေရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်ခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly