တိုက်ပွဲများဖြစ်နေ၍ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အကြီးအကဲ၏ ရခိုင်ခရီးစဉ်ကို ရွှေ့ဆိုင်း

တိုက်ပွဲများဖြစ်နေ၍ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အကြီးအကဲ၏ ရခိုင်ခရီးစဉ်ကို ရွှေ့ဆိုင်း

မြန်မာတပ်မတော်နှင့် အေအေအဖွဲ့အကြား တို်က်ပွဲများ ဖြစ်ပွားတာကြောင့် ရခိုင်ပြည်နယ်သို့ လာရောက်ရန် စီစဉ်ထားသော ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR အကြီးအကဲ၏ ခရီးစဉ်ကို မြန်မာက ရွှေ့ဆိုင်းခဲ့သည်။

 ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖီလစ်ပိုဂရန်ဒီသည် ပြီးခဲ့သည့် သီတင်းပတ်က ရခိုင်ပြည်နယ်သို့ လာရောက်ရန် စီစဉ်ထားခြင်း ဖြစ်သော်လည်း မြန်မာအာဏာပိုင်များက တိုက်ပွဲသစ်များကြောင့် ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

 ၂၀၁၇ ခုနှစ်က စစ်တပ်၏ နယ်မြေရှင်းလင်းရေးတွင် ဘင်္ဂါလီ(မူရင်း ရိုဟင်ဂျာဟု ဖော်ပြ) မွတ်စလင်ထောင်ပေါင်းများစွာ ဘင်္ဂလားဒေ့ရှ်ဖက်သို့ တိမ်းရှောင်ထွက်ပြေးရသည့် ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း တပ်မတော်နှင့် ရခိုင်ပြည်နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမိုတောင်းခံသော အေအေတို့အကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

 ဇန်နဝါရီ ၄ ရက်က ဘင်္ဂလားဒေ့ရှ်နယ်စပ်နားရှိ ရဲကင်းစခန်းများကို အေအေတပ်ဖွဲ့က စတင်တိုက်ခိုက်လာခြင်း ဖြစ်ပြီး ရဲ ၁၃ ဦး သေဆုံးခဲ့ရသည်။

“ရခိုင်ပြည်နယ်က လုံခြုံရေးအခြေအနေကို မြန်မာအာဏာပိုင်တွေက ချင့်ချိန်ပြီး ခရီးစဉ်ကို ရွှေ့ဆိုင်းလို်က်တာပါ။”ဟု UNHCR မှ ပြောရေးဆိုခွင့်ရှိသူ အန်ဒရစ်မာဟီစစ်က ပြောသည်။

 ထိုသို့ UNHCR အကြီးအကဲ၏ ခရီးစဉ် ရွှေ့ဆိုင်းခံရခြင်းနှင့် ပတ်သက်ပြီး ဗြိတိန်က ယခုသီတင်းပတ်နှောင်းပိုင်း၌ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အဆိုတင်ဖွယ် ရှိသည်ဟု သံတမန်များအရ သိရသည်။

 ဂရန်ဒီ၏ ခရီးစဉ် ရွှေ့ဆိုင်းခြင်းနှင့် ကုလသမဂ္ဂသံတမန် ခရစ္စတင်းရှာရန်နာဘာဂျင်နာရဲ့ သီးခြားမြန်မာနိုင်ငံခရီးစဉ် မရေမရာ အခြေအနေများကြောင့် အာဏာပိုင်များက ဘင်္ဂါလီ မွတ်စလင်ဒုက္ခသည်များအရေး ကိုင်တွယ်ဖြေရှင်းမည့် ကတိကဝတ်များနှင့် ပတ်သက်ပြီး နောက်ကြောင်းပြန်လှည့်သွားမည်ကို စိုးရိမ်မှုများလည်း ရှိနေသည်။

 “သူတို့ဖက်က ဘာမှ မလုပ်သလို ထင်သာမြင်သာ ထုတ်ဖော်ပြသလိုတာလည်း မရှိဘူး။”ဟု ဂရန်ဒီ ခရီးစဉ် ရွှေ့ဆိုင်းခံရခြင်းနှင့် ပတ်သက်ပြီး လုံခြုံရေးကောင်စီမှ သံတမန်တစ်ဦးက ပြောခဲ့သည်။

 ကုလသမဂ္ဂဆိုင်ရာ မြန်မာမစ်ရှင်အား ဆက်သွယ်မေးမြန်းရာတွင်လည်း လတ်တလော ဖြေကြားခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly