ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်ဧည့်ခံပွဲအတွက် fast food ဆိုင်တွေကနေ ဟမ်ဘာဂါတွေ၊ ပီဇာတွေ ကိုယ်တိုင် လှမ်း မှာယူ

ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်ဧည့်ခံပွဲအတွက် fast food ဆိုင်တွေကနေ ဟမ်ဘာဂါတွေ၊ ပီဇာတွေ ကိုယ်တိုင် လှမ်း မှာယူ

ဇန်နဝါရီ ၁၆ ။                 ။ လက်တလောမှာ အမေရိကန်အစိုးရလုပ်ငန်းဌာနတစ်ချို့ ရပ်ဆိုင်းပိတ်သိမ်းထားရခြင်းရဲ့ သက်ရောက်မှုတစ်ချို့ကတော့ သမ္မတ ဒေါ်နယ်ထရမ့်အပေါ်မှာလည်း ရိုက်ခတ်ခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက  အိမ်ဖြူတော်မှာ fast food စားပွဲတစ်ခုကို ကျင်းပခဲ့ရာမှာတော့ လိုအပ်တဲ့ စားသောက်ဖွယ်ရာတွေကို သမ္မတ ထရမ့်ကိုယ်တိုင် အပြင်ဆိုင်တွေကနေ လှမ်းပြီး မှာယူခဲ့ရပါတယ်။

ဒါဟာ အစိုးရလုပ်ငန်းဌာနတစ်ချို့ ပိတ်သိမ်းထားပြီး အိမ်ဖြူတော်ဧည့်ခံကျွေးမွေးရေး ဝန်ထမ်းတွေပါ လက်တလော အလုပ်မဝင်နိုင်ဘဲ ဖြစ်နေခဲ့တာကြောင့် ထရမ့်က ယင်း စားသောက်ပွဲအတွက် လိုအပ်တဲ့ စားစရာတွေကို အပြင်ကနေ ပဲ ကိုယ်တိုင် ပိုက်ဆံပေးလှမ်းမှာခဲ့ရတာ ဖြစ်ပါတယ်။

" ခုက ခင်ဗျားတို့ သိတဲ့အတိုင်း ယန္တရားတစ်ချို့ ရပ်ဆိုင်းထားရပါတယ်၊ ဒီတော့ ကျွန်တော်တို့ဆီမှာ လောလောဆယ် တည်ခင်းစရာ  ပြတ်လပ်နေပါတယ်၊ ဒီတော့ ကျွန်တော်တို့ အမေရိကန် အမြန်ရ စားစရာတွေ ပိုက်ဆံပေး မှာရတယ်ပေါ့ဗျာ" ဆိုပြီး ထရမ့်က ပြောသွားပါတယ်။

အမေရိကန် အမျိုးသား ကောလိပ် ဘောလုံး ချန်ပီယံရှစ်ပြိုင်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ Clemson Tigers အသင်းသားတွေ အိမ်ဖြူတော်ကိုလာရောက်လည်ပတ်ချိန်မှာ ဧည့်ခံဖို့အတွက် ထရမ့်က အပြင် fast food ဆိုင်တွေကနေ ဟမ်ဘာဂါတွေ၊ ပီဇာတွေ မှာယူဧည့်ခံပေးခဲ့ပါတယ်။

အဆိုပါ စားသောက်ပွဲအတွက် ဟမ်ဘာဂါ ၃၀၀  ကျော်အပါအဝင် ပီဇာတွေ၊ အာလူးချောင်းကြော်တွေ အပါအဝင် လူကြိုက်များတဲ့ fast food စားစရာတွေကို ထရမ့်က မှာယူတည်ခင်းခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ သမ္မတ ထရမ့် နဲ့ ဒီမိုကရက်တစ်တွေအကြား ဘက်ဂျက်အသုံးစရိတ် တောင်းခံမှုကိစ္စနဲ့ပတ်သက်လို့ သဘောကွဲလွဲရာကနေ အစိုးရလုပ်ငန်းဌာနတစ်ချို့ကို ပိတ်သိမ်းရပ်ဆိုင်းထားရတာဖြစ်ပါတယ်။

ယင်းပိတ်သိမ်းမှုကြောင့် အမေရိကန် ဖက်ဒရယ် အစိုးရ ဝန်ထမ်းလုပ်သားပေါင်း ၈၀၀,၀၀၀ လောက် လစာမရဘဲ ဖြစ်နေကြတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly