ဘရစ်ဇစ်သဘောတူမူကြမ်းကို ဗြိတိန်ပါလီမန် ပယ်ချ

ဘရစ်ဇစ်သဘောတူမူကြမ်းကို ဗြိတိန်ပါလီမန် ပယ်ချ
Photo: AFP

ဝန်ကြီးချုပ် ထရီဆာမေရဲ့ အီးယူကနေ ဗြိတိန်နုတ်ထွက်တဲ့ ဘရစ်ဇစ် သဘောတူမူကြမ်းကို ပါလီမန်က အင်္ဂါနေ့မှာ အပြတ်အသတ် ပယ်ချလိုက်ပါတယ်။

ဘရစ်ဇစ်သဘောတူမူကြမ်းကို ပယ်ချလိုက်တဲ့အပြင် ထရီဆာမေအစိုးရကို အယုံအကြည်မရှိ အဆိုတင်ဖို့လည်း လုပ်ဆောင်လာကြတာကြောင့် အီးယူကနေ ဗြိတိန်နုတ်ထွက်မယ့် အစီအစဉ်တွေ ကမောက်ကမ ဖြစ်ရပါတယ်။

ပါလီမန် ပြင်ဖက်မှာလည်း အီးယူကနေ မနုတ်ထွက်ရေးကို လိုလားထောက်ခံတဲ့ ပြည်သူရာပေါင်းများစွာဟာလည်း အီးယူအလံတွေ ကိုင်ဆောင်ရင်း ဆန္ဒဖော်ထုတ်ကြပါတယ်။

ထရီဆာမေရဲ့ ဥရောပသမဂ္ဂ အီးယူမှ ဗြိတိန်နုတ်ထွက်ရေး အစီအစဉ်မူကြမ်းကို လွှွတ်တော်မှာ ၄၃၂ မဲက ကန့်ကွက်မဲပေးပြီး ၂၀၂ မဲကပဲ ထောက်ခံမဲ ပေးတာ ဖြစ်ပါတယ်။ ဒါကြောင့် ကန့်ကွက်မဲရဲ့ မဲအသာ ၂၃၀ အထိ ရှိတာကြောင့် ခေတ်သစ် ဗြိတိန်နိုင်ငံရေးသမိုင်းမှာ အစိုးရအတွက် လွှတ်တော်ရဲ့ အကြီးမားဆုံးသော ကန့်ကွက်မှု ဖြစ်ခဲ့ပါတယ်။

ဘရစ်ဇစ်အရေး သဘောတူညီမှုမရရင် ကုန်သွယ်ရေးအငြင်းပွားမှုတွေ၊ ဗြိတိန်စီးပွားရေး ကျဆင်းတာနဲ့ ဘဏ္ဍာရေးစျေးကွက် ကသောင်းကနင်းဖြစ်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ အီးယူက ချက်ချင်း သတိပေးချက် ထုတ်ပြန်ပါတယ်။

“သဘောတူညီမှု မရဘူးဆိုရင် အပြုသဘောဆောင်တဲ့ ဖြေရှင်းနည်းက ဘာလဲဆိုတာကို ပြောရဲမယ့်သူ ဘယ်သူရှိလဲ။”လို့ အီးယူဥက္ကဌ ဒေါ်နယ်တက်ခ်က တွစ်တာကနေ ရေးသားခဲ့ပါတယ်။ 

လက်ရှိမှာတော့ ဘရစ်ဇစ်မူကြမ်းကို လွှတ်တော်ကနေ ပယ်ချသလို အတိုက်အခံ လေဘာပါတီ ခေါင်းဆောင် ဂျာရီမီကော်ဘင်းက ထရီဆာမေအစိုးရကို အယုံအကြည်မရှှိကြောင်း အဆိုတင်သွင်းထားပါတယ်။ 

ဒီအဆိုကိုတော့ ဗုဒ္ဓဟူးနေ့ ဂရင်းနစ်စံတော်ချိန် ၁၉၀၀ နာရီမှာ မဲပေးကြမှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly