စည်းကမ်းပျက် ငါးဖမ်းရေယာဉ်ကြီးများကို အရေးယူနိုင်ရန် အသေးစိတ် စစ်ဆေးရဦးမည်ဟုဆို

စည်းကမ်းပျက် ငါးဖမ်းရေယာဉ်ကြီးများကို အရေးယူနိုင်ရန် အသေးစိတ် စစ်ဆေးရဦးမည်ဟုဆို
 သတင်းနှင့် သတင်းပုံ -ဒီမိုးသွေး (မြိတ်)

မြိတ်၊ ဇန်နဝါရီ ၁၅ ။               ။ ကျွန်းစုရေပြင်အတွင်း ငါးဖမ်းနေသော စည်းကမ်းပျက် ငါးဖမ်းရေယာဉ်ကြီးများကို အရေးယူနိုင်ရန် အသေးစိတ် စစ်ဆေးရဦးမည်ဟု တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဦးမြင့်ရွှေက ပြောကြားသည်။

တရွက်ဆွဲကမ်းဝေးငါးဖမ်း (၀ါလတ်) လှေကြီး ၁၀ စီး သည်၊ ကမ်းနီးရေပြင်တွင် ဥပဒေမဲ့ ဝင်ရောက် ခိုးဆွဲ နေခြင်းအပေါ် ဖမ်းဆီးစစ်ဆေးအရေးယူပေးနိုင်ရေးအတွက် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် မြိတ်ခရိုင်၊ ငါးလုပ်ငန်း ဦးစီးဌာနရုံးတွင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

“ကျွန်တော်က အခု အစည်းအဝေးမှာ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေရော လုပ်ငန်းရှင်တွေကိုပါ အသေးစိတ်ရှင်းပြပေးခဲ့ပြီးပြီး။ ကျွန်တော်တို့ ဒီဖြစ်စဉ်က အမှန်တကယ် ပေါ်ပေါက် နေရင်တော့ ထိထိ ရောက် ရောက် အရေးယူနိုင်မှာ ဖြစ်ပါတယ်။ အဲ့တော့ ဒါက ကျွန်တော်တို့က တင်ပြလာတဲ့ ဓါတ်ပုံနဲ့ တကွတိုက်ဆိုင် စစ်ဆေးရတဲ့အတွက် ဆင်တူယိုးမှား လှေတွေက အများကြီးရှိတဲ့ အတွက် စာရင်းဇယားအရ ဆွဲထုတ်ပြီးတော့ တစ်စီးချင်း ပြန်စစ်သွားမှာပါ။ စစ်လို့ ဝန်ခံတယ်ဆိုရင်တော့ ဥပဒေအရ အရေးယူပေးသွားမှာ ဖြစ်သလို အပြစ်ဒဏ်လည်း ပေးခံရမှာ ဖြစ်တယ်။ ဝန်မခံဘူး ဆိုရင်တော့ ဒီလှေတွေကို ကျွန်တော်တို့ အဖွဲ့အနေနဲ့ သံသယဖြစ်ဖွယ်အနေနဲ့ တင်ပြပေးသွားမှာ ဖြစ်တယ်”လို့ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနမှ ဒုတိယ တိုင်းဦးစီးမှူး ဦးမြင့်ရွှေက ပြောကြားသည်။

အဆိုပါ အစည်းအဝေးတွင် တရွက်ဆွဲ ကမ်းဝေးငါးဖမ်းလှေကြီးများသည် ကမ်းနီး၌ မကြာခဏ ဝင်ရောက် ခိုးဆွဲနေခြင်းကြောင့် ငါးမျိုးစိတ်များ ရှားပါးလာကာ ဒေသခံကမ်းနီး ရေလုပ်သားများမှာ အလုပ်အကိုင်အခွင့် အလမ်းများ လျော့နည်းလာပြီး၊ နေရပ်စွန့်ခွာမှုများ ရှိလာကြောင်း ထို့ကြောင့် သက်ဆိုင်ရာမှ ထိထိရောက် ရောက် အရေးယူပေးနိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံရေလုပ်သားများက ပယ်လယ်ပြင် အတွင်း စွန့်စား၍ စည်းကမ်းပျက် ငါးဖမ်းသင်္ဘောများကို မှတ်တမ်းယူကာ စည်းကမ်းပျက်ရေယာဉ် ၁ဝစီးခန့်ကို တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

 “ကျွန်တော်တို့ တင်ပြလာတဲ့အပေါ်မှာ ဒီကနေ့ပွဲမှာ တိုင်းငါးဦးစီးအနေနဲ့က စစ်ဆေးဖော်ထုတ် ပေးမယ် လို့တော့ ပြောပါတယ်။ အတိုင်းတာ တစ်ခုအထိတော့ ထိရောက်မှု ရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်။ လက်ရှိ စစ်ဆေးတွေ့ရှိထားတဲ့ ၁၀ စီးကို အဖြေဘယ်လို ထွက်လာမလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အဲ့ဒီအပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့က လုပ်စရာရှိတာ ဆက်လုပ်သွားမှာ ဖြစ်တယ်”ဟု ကျွန်းစုမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းက ပြောဆိုသည်။

 ကမ်းနီးရေပြင်တွင် စည်းကမ်းမဲ့ဝင်ရောက် ခိုးဆွဲနေသည့်တရွက်ဆွဲ (၀ါလတ်) ငါးဖမ်းလှေကြီးများကို ဥပဒေ အရ အရေးယူနိုင်ရန် ပွင့်လင်းမြင်သာစွာ ပြုလုပ်ရန်လိုအပ်ကြောင်း အစည်းအဝေးသို့ တက်ရောက် လာသည့် ဒေသခံအရပ်ဖက် အဖွဲ့များကလည်း ထောက်ပြပြောဆိုခဲ့သည်။

 ယင်းအစည်းအဝေးသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ငါးလုပ်ငန််း ဦးစီးဌာနမှ တာဝန်ရှိသူများ၊ လုပ်ငန်း ရှင်များ၊ ကမ်းနီး ရေလုပ်သားများ၊ အရပ်ဖက်အဖွဲ့စည်းများနှင့် ဒေသခံများ တက်ရောက်ခဲ့သည်။

 မြိတ်ခရိုင်အတွင်း ကမ်းဝေး ငါးဖမ်းလှေ ၇၆၀ ကျော်ရှိကာ ကမ်းနီး၌ မကြာခဏဝင်ရောက် ခိုးဆွဲနေခြင်းကြောင့် ကမ်းနီးတွင် ငါးမျိုးစိတ်များ ရှားပါးလာသောကြောင့် ကမ်းနီးရေလုပ်သားများ အလုပ်အကိုင် ခက်ခဲလာကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly