နေအိမ်တွင် တီဗွီ ကြည့်နေစဉ် ဓားထိုးခံရ

နေအိမ်တွင် တီဗွီ ကြည့်နေစဉ် ဓားထိုးခံရ

မကွေး၊ ဇန်နဝါရီ ၁၅ ။             ။ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့ လင်းတကိုင်းကျေးရွာအုပ်စု လင်းတကိုင်းကျေးရွာရှိ နေအိမ်တစ်ခုတွင် တီဗွီ ကြည့်နေသူတစ်ဦး လည်ပင်းဓားဖြင့်ထိုးခံရ၍ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ချောက်မြို့မ ရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၄ရက် ညနေ ၆နာရီ ၄၅မိနစ်အချိန်တွင် လင်းတကိုင်းကျေးရွာတွင်နေထိုင်သော ဦးဆန်း ဝင်း၏နေအိမ်တွင် ဦးဆန်းဝင်း၊ ဦးမောင်ကိုနှင့်ဦးအောင်ဇော်မင်းတို့သည် တီဗွီထိုင်ကြည့်နေကြစဉ်တစ်ရွာတည်း သား ဝင်းဦးရောက်ရှိလာပြီး ဦးအောင်ဇော်မင်း(၃၉)နှစ်၏ ဝဲဘက်ခြမ်း လည်ပင်းအား ဓားဖြင့်ထိုးကာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ဦးအောင်ဇော်မင်းနှင့် ဝင်းဦးတို့မှာ ရန်ငြိုးရန်စမရှိဘဲ ယင်းကဲ့သို့ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဦးအောင်ဇော်မင်း၏ လည်ပင်းတွင် အရှည်(၅)လက်မခန့် ပြတ်ရှဒဏ်ရာရရှိခဲ့ပြီး နေရာတွင်သေဆုံးသွားခဲ့သဖြင့် ဦးဆန်းဝင်း၏ ဇနီးဖြစ်သူက ယောက်ဖတော်စပ်သူဦးကျော်ဆွေထံသို့ အကြောင်းကြားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ရန်ငြိုးရန်စမရှိဘဲ ဓားဖြင့်ထိုးဒဏ်ရာရသေဆုံးအောင်ပြုလုပ်သူ ဝင်းဦးအား ဥပဒေအရ အရေးယူပေးရန် ဦးကျော်ဆွေမှတရားလိုပြုလုပ်တိုင်တန်းချက်အရဝင်းဦး(၄၀)နှစ်ကို ချောက်မြို့မရဲစခန်းက (ပ)၁၂/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၀၂ဖြင့်အမှုရေးဖွင့်၍ စစ်ဆေးဆောင်ရွက်ခဲ့ရာ ထွက်ပြေးတိမ်းရှောင် နေသော ဝင်းဦးအား ဇန်နဝါရီလ ၁၅ရက်နေ့ ညနေပိုင်းတွင် ဖမ်းဆီးရမိ ပြီဖြစ်ကြောင်း ချောက်မြို့မရဲစခန်းမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly