မြန်မာပြည်တွင် ရိုက်ကူးထားသည့်ရုပ်ရှင်ကားများပါ ဂျပန်ရုပ်ရှင်ပွဲတော်တွင် ပါဝင်မည်

မြန်မာပြည်တွင် ရိုက်ကူးထားသည့်ရုပ်ရှင်ကားများပါ ဂျပန်ရုပ်ရှင်ပွဲတော်တွင် ပါဝင်မည်

ရန်ကုန်၊ ဇန်နဝါရီ ၁၅ ။               ။ ဂျပန်ရုပ်ရှင်ပွဲတော်တွင် ရန်ကုန်နှင့် မန္တလေးတွင် ကျင်းပသွားမည်ဖြစ်ပြီး မြန်မာပြည်တွင် ရိုက်ကူးထားသည့် ဂျပန်ရုပ်ရှင်ကား ၂ ကားပါ ပါဝင်ပြသမည်ဟု သိရသည်။

လက်ရှိ ဂျပန်နိုင်ငံတွင် လူကြိုက်များနေသည့် အက်ရှင်၊ ဒရာမာ၊ အန်နီမေးရှင်း အမျိုးအစားရုပ်ရှင် ၁၃ ကားကို ပြသသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

“ ၁၃ ကားထဲမှာ ၂ ကားကကြတော့ မြန်မာနိုင်ငံကို အဓိကပြောထားတဲ့ဇာတ်ကားဖြစ်ပြီးတော့မှ ဒါကြောင့် မြန်မာလူမျိုးအနေနဲ့ ဂျပန်လူမျိုးတွေက မြန်မာနိုင်ငံအကြောင်းကို ရိုက်ထားတဲ့ကားကို ဘယ်လိုမျိုးဖြစ်မလဲ ဆိုတာ ကြည့်ပေးမယ်ဆိုရင် ဝမ်းသာမိမှာပါ ” ဟု ပွဲစီစဉ်သူ ဒါရိုက်တာ Koji Sato (Japan Foundation ) က ပြောသည်။

အဆိုပါ ၂ ကားမှာ Passage of Life ( ကြာချိန် ၉၈ မိနစ် )နှင့် Asian Three Fold Mirror (၈၃ မိနစ်) တို့ဖြစ်ပြီး မြန်မာနိုင်ငံတွင် လာရောက်ရိုက်ကူးထားခြင်း ဖြစ်သည်။

Passage Of Life ဇာတ်လမ်းအကျဉ်းမှာ  ဂျပန်နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာမိသားစုအကြောင်းကို ရိုက်ကူး ထားခြင်းဖြစ်ပြီး Asian Three Fold Mirror ဇာတ်ကားမှာ မြန်မာနိုင်ငံ ရထားသံလမ်းဘေးရှိ ဘဝများ၏ အကြောင်းကို ရိုက်ကူးထားခြင်းလည်းဖြစ်သည်။

ဂျပန်ရုပ်ရှင်ပွဲတော်ကို ရန်ကုန်တွင် ဇန်နဝါရီ ၂၅ ရက်မှ ဖေဖော်ဝါရီ ၃ ရက်နေ့ထိပြုလုပ်သွားမည်ဖြစ်ပြီး မန္တလေးတွင် ဖေဖော်ဝါရီလ ၈ ရက်မှ ၁၀ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ရန်ကုန်၌ နေပြည်တော်ရုပ်ရှင်ရုံ၊ မန္တလေးတွင် ဝင်းလိုက်ရုပ်ရှင်ရုံ တို့တွင် ပြသသွားမည်ဖြစ်ပြီး ဝင်ကြေး အခမဲ့ဖြစ်ကြောင်းလည်း Koji Sato က ဆိုသည်။

ဂျပန်ရုပ်ရှင်ပွဲတော်ကို ၂၀၀၄ ခုနှစ်တွင် စတင်ကျင်းပပြုလုပ်ခဲ့ပြီး ယခင်နှစ်များက ကိုရီးယား၊ ဗီယက်နမ်၊ တူရကီ၊ စင်ကာပူ၊ တရုတ်၊ အိန္ဒိယနှင့် အင်ဒိုနီးရှားစသည့် နိုင်ငံတို့၌ ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly