နေပြည်တော်ရှိ လုပ်ငန်းသုံးရေမီတာများအား ရေဖိုး၂ ဆ တိုးမြှင့်ကောက်ခံမည်

နေပြည်တော်ရှိ လုပ်ငန်းသုံးရေမီတာများအား ရေဖိုး၂ ဆ တိုးမြှင့်ကောက်ခံမည်

နေပြည်တေ်ာ၊ ဇန်နဝါရီ ၁၅ ။              ။ နေပြည်တော်တွင် လာမည့် ဖေဖော်ဝါရီလက စတင်ပြီး စီးပွားရေးလုပ်ငန်းသုံး ရေမီတာခများကို ၂ ဆ တိုးမြှင့် ကောက်ခံမည်ဖြစ်ပြီး ထုတ်လုပ်မှုကုန်ကျစရိတ်ကိုက်ညီရန် ကောက်ခံခြင်းဖြစ်ကြောင်း ရေနှင့်သန့်ရှင်းမှုဌာနမှ ဌာနမှူး ဦးလှမိုးထွန်းက ပြောသည်။

“အဓိကကတော့ဗျာ Water Production Rate ရှိပါတယ်။ ရေထုတ်လုပ်မှု ကုန်ကျစရိတ်ရှိပါတယ်။ ရေ ထုတ်လုပ်မှု ကုန်ကျစရိတ်ရဲ့ ကျခံနေတဲ့နှုန်းထားနဲ့ လျော်ညီတဲ့စျေးနှုန်းကို ကျွန်တော်တို့တင်ပြပြီးတော့ ခွင့်ပြုချက် ရယူထားတာပါ” ဟု ၄င်းက ပြောသည်။

စီးပွားရေး လုပ်ငန်းဆောင်ရွက်နေသော ပွဲရုံဆိုင်ခန်းများ၊ အဆင့်မြင့်စျေးများ၊ Shopping Mall ၊ ကိုယ်ပိုင် အထက်တန်းကျောင်းများ၊ ဘဏ်များ၊ စားသောက်ဆိုင်များနှင့် ပုဂ္ဂလိက ဆေးရုံများကို လာမည့် ဖေဖော်ဝါရီ လမှ စတင်ပြီး ယခင် ရေတစ်မီတာ စျေးနှုန်း ၁၁၀ မှ ၂၂၀ ကျပ်သို့ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်သည်။

ပြည်သူကို ဝန်ဆောင်မှုပေးရသည့် ရေပေးဝေရေးလုပ်ငန်းထံမှ အမြတ်အစွန်းရအောင် ပြုလုပ်သွားမည် မဟုတ်ဘဲ ထုတ်လုပ်မှုကုန်ကျစရိတ်ကို ပြန်လည်ရရှိရန် ထိုသို့ တိုးမြှင့်ကောက်ခံခြင်းဖြစ်ကြောင်း ဦးလှမိုးထွန်းက ဆိုသည်။

သပြေကုန်းစျေးရှိ လက်ဖက်ရည်ဆိုင်လုပ်ငန်းလုပ်ကိုင်သူ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ယခုလက်ရှိတွင် တစ်လလျှင် ရေမီတာခ ကျပ် ၈၀၀၀၀ ခန့် ပေးဆောင်နေရပြီး တက်သွားမည့်စျေးနှုန်းနှင့်ဆိုလျှင် တစ်လလျှင် ၁၆၀၀၀၀ ခန့် ပေးဆောင်ရမည်ဖြစ်နေကြောင်း ပြောသည်။

နေပြည်တော်စည်ပင်သာယာရေးကော်မတီ လက်အောက်ရှိ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု) မှ ရေပေးဝေ ရေးလုပ်ငန်းကို ဆည် (၁၂) ဆည်မှ ရေများဖြင့် လုပ်ဆောင်လျက်ရှိသည်။

၄င်းဆည်များမှာ ချောင်းမကြီးဆည်၊ ရန်အောင်မြင်ဆည်၊ ဥတ္တရ သီရိဆည်၊ တောင်ပိန်းဆည်၊ မြောက်ပိန်း ဆည်၊ သပြေစမ်းဆည်၊ ချောင်းခြောက်ဆည်၊ တင်းဝါးဆည်၊ သရက်ရှင်းဆည်၊ ဘုံကွဲဆည်၊ ရေငန်းဆည် (ဆောင်ရွက်ဆဲ)၊ ဗေဗေ့မောင်ဆည်(ဆောင်ရွက်ဆဲ) စသည့်ဆည်များမှ ရေကိုစုပ်ယူကာ ပြန်လည် သန့်စင်ပေးပြီး ပေးပို့နေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly