လိမ်လည်မှုဖြင့် တရားစွဲခံရသော ဒေါ်နန္ဒမာလာအပါအဝင် နှစ်ဦး ကျပ်သိန်း ၁ သောင်းဖြင့် အချုပ်လွတ် အာမခံရ

လိမ်လည်မှုဖြင့် တရားစွဲခံရသော ဒေါ်နန္ဒမာလာအပါအဝင် နှစ်ဦး ကျပ်သိန်း ၁ သောင်းဖြင့် အချုပ်လွတ် အာမခံရ

ရန်ကုန်၊ ဇန်နဝါရီလ ၁၅ ။         ။ ကျပ်သိန်း ၂၆ဝဝ လိမ်လည်မှုဖြင့် ရန်ကုန်မြို့၊ လှိုင်မြို့နယ်တရားရုံးတွင် တရားစွဲခံထားရသော ဒေါ်နန္ဒမာလာ အား ဇန်နဝါရီလ ၁၅ ရက်နေ့၊ နံနက်ပိုင်းတွင်ရုံးထုတ်ခဲ့ပြီး ရုံးချိန်းတွင် လှိုင်မြို့နယ်တရားသူကြီးက ကျပ်သိန်း ၁ သောင်းဖြင့် အချုပ်လွတ်အာမခံပေးရန် ဆုံးဖြတ်ခဲ့သည်။

အာမခံပေးရမည့် ပုဒ်မဖြစ်သဖြင့် တရားရုံးမှ အချုပ်လွတ်အာမခံပေးလိုက်သော်လည်း ယခုရုံးချိန်းတွင် စွပ်စွဲ ခံရသူများဘက် အာမခံပေးရမည့်သူနှစ်ဦးအား မတင်ပြနိုင်သေးသည့်အတွက် ပြန်လည် ဖမ်းချုပ် ခေါ်ဆောင် ခြင်း ခံခဲ့ရသည်။ လာမည့် ဇန်နဝါရီလ ၂၈ ရက်နေ့ရုံးချိန်းတွင် အာမခံကျပ်သိန်း ၁ သောင်းပေးနိုင်မည့်သူ ၂ ဦးကို တင်ပြနိုင်ပါက အချုပ် မှ လွှတ်ပေးမည်ဖြစ်ပြီး ယင်းရုံးချိန်းတွင် တရားလိုအား စတင်စစ်ဆေး သွားမည် ဖြစ်ကြောင်းလှိုင်မြို့နယ်တရားရုံးမှ ပြန်ကြားရေးအရာရှိ ဦးအောင်မြင့်သန်းက ပြောသည်။

 ဒေါ်နန္ဒမာလာနှင့် ဦးနေဝင်းနိုင်တို့နှစ်ဦးကို တစ်ဦးလျှင်ကျပ်သိန်း ၅ဝဝဝဖြင့်အာမခံပေးလိုက်ခြင်းဖြစ်ပြီး နှစ်ဦးပေါင်း ကျပ်သိန်း ၁ သောင်းဖြစ်သည်။

 တရားလိုဖြစ်သူ ဦးနေမျိုးနိုင်က ဒေါ်နန္ဒမာလာနှင့် ဦးနေဝင်းနိုင်တို့နှစ်ဦးကို ကျပ်သိန်း ၂၆ဝဝ လိမ်လည်မှုဖြင့် လှိုင်မြို့နယ်တရားရုံးတွင် ပြီးခဲ့တဲ့ ၂ဝ၁၈ ခုနှစ်၊ မတ်လ၊ ၁၆ ရက်နေ့က တရားရုံး ဦးတိုက် လျှောက်ကာ တရား စွဲခဲ့ခြင်းဖြစ်ပြီး ၁ဝ လနီးပါးကြာမှ ယင်းအမှုအား ရုံးတင်စစ်ဆေးနိုင်ခဲ့ခြင်းဖြစ်သည်။

 ထို့ပြင် ဒေါ်နန္ဒမာလာမှာ ကျပ်သိန်း ၆ဝဝဝ လိမ်လည်မှုဖြင့် ဒေါ်နေဇင်မြင့်ဆိုသူ အမျိုးသမီးက မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တရားရုံးတွင် ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်က တရားရုံးဦးတိုက်လျှောက်တရားစွဲထားသဖြင့် အမှုရင်ဆိုင်နေရပြီး ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်တရားရုံးတွင်လည်း ငွေကြေးလိမ်လည်မှုဖြင့် အမှုရင်ဆိုင် နေရသူဖြစ်ကာ ၎င်းအား ထပ်မံအမှုဖွင့် တရားစွဲဆိုရန် လုပ်ဆောင်နေသူများလည်းရှိနေသည်။

 ဒေါ်နန္ဒမာလာမှာ ၂ဝ၁၃ ခုနှစ်အတွင်း ငွေကြေးလိမ်လည်မှုဖြင့် မန္တလေးတိုင်း၊ မဟာအောင်မြေမြို့ နယ် တရား ရုံးတွင် အမှုရင်ဆိုင်ခဲ့ရပြီး တရားရုံးသို့ လာရောက်ရန်ပျက်ကွက်မှုများကြောင့်  ၂ဝ၁၅ ခုနှစ်တွင် ဖမ်းဝရမ်း အထုတ်ခံရကာ ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်၊ ညနေ ၆ နာရီခန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင် (၂၈၄)တွင် ဒေါ်နန္ဒမာလာအား ၎င်းစီးနင်း လာသည့် ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

 ထို့နောက် အမှတ်(၃) မှုခင်း ရဲတပ်ဖွဲ့ခွဲရုံး၌ လူဝတ်လဲကာ ထိန်းသိမ်းထားခဲ့ပြီး ဇန်နဝါရီလ ၃ ရက်နေ့တွင် CID က မဟာအောင်မြေမြို့နယ် တရားရုံးသို့ပို့ဆောင်ခဲ့ကာ ဒေါ်နန္ဒမာလာ၏ အာမခံလျှောက်ထားခဲ့သောကြောင့် မြို့နယ်တရားသူကြီးက အာမခံပေးရန် ဆုံးဖြတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly