လူပုံလယ် ဓားထိုးခံရပြီး သေဆုံးတဲ့ မြို့တော်ဝန်အတွက် ပိုလန်ပြည်သူတွေ ဝမ်းနည်းဂုဏ်ပြု

လူပုံလယ် ဓားထိုးခံရပြီး သေဆုံးတဲ့ မြို့တော်ဝန်အတွက် ပိုလန်ပြည်သူတွေ ဝမ်းနည်းဂုဏ်ပြု
Photo: AFP

ဒန့်စ်၊ ဇန်နဝါရီ ၁၅ ။   ။ ပိုလန်နိုင်ငံမှာ အလှူငွေကောက်ခံပွဲတစ်ရပ်မှာ ပရိတ်သတ်လူအများရှေ့ နှလုံးနေရာကို ဓားနဲ့ ထိုးခံရတဲ့ ဒန့်စ်မြို့တော်ဝန်ဟာ နောက်တစ်ရက်ဖြစ်တဲ့ တနင်္လာနေမှာ ကွယ်လွန်တာကြောင့် ပိုလန်နိုင်ငံတစ်ဝန်းမှှာ ပြည်သူတွေဟာ ဝမ်းနည်းဂုဏ်ပြုပွဲ ပြုလုပ်ကြပါတယ်။

ဓားထိုးခံရတဲ့ ဒန့်စ်မြို့တော်ဝန် ပါဝဲလ်အဒမ်ဝစ်ဇ်ကို ဆရာဝန်တွေက တစ်နေ့လုံးလုံး အသက်ကယ်တင်နိုင်ရေး ကြိုးစားကုသပေမယ့် ဆေးရုံမှာပဲ မြို့တော်ဝန်ဟာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

မြို့တော်ဝန် ပါဝဲလ်ဟာ သွေးထွက်လွန်တာကြောင့် သူ့အတွက် သွေးလာလှူပေးကြတဲ့ ပြည်သူပေါင်းလည်း ထောင်ပေါင်းများစွာ ရှိခဲ့ပါတယ်။

“ကျွန်တော်တို့ တတ်နိုင်သလောက် ကြိုးစားပေမယ့် သူအသက်ကို မကယ်နိုင်ခဲ့ပါဘူး။”လို့ ဒန့်စ်တက္ကသိုလ်ဆေးရုံက ဆရာဝန် သောမတ်စတက်ဖန်နက်က မီဒီယာတွေကို ပြောပါတယ်။

ပိုလန်နိုင်ငံတစ်ဝန်က ဒါဇင်နဲ့ ချီတဲ့ မြို့တွေမှာ ပြည်သူတွေဟာ မြို့တော်ဝန် ပါဝဲလ်အတွက် ဝမ်းနည်းခြင်းအဖြစ် စုရုံးချီတက်ကြပါတယ်။

ပါဝဲလ်မြို့တော်ဝန်အဖြစ် ဆယ်စုနှစ် နှစ်ခုစာ တာဝန်ယူထားတဲ့ ဒန့်စ်မြို့မှာဆိုရင် ပြည်သူထောင်ပေါင်းများစွာဟာ ဖယောင်းတိုင်တွေ ကိုင်ဆောင်ရင်း၊ မြို့ရဲ့ အလံကို ကိုင်ဆောင်ရင်း စုရုံးချီတက်ကြပါတယ်။

ပါဝဲလ်ဟာ တနင်္ဂနွေနေ့က ဆေးဝါးပစ္စည်း အလှူငွေကောက်ခံပွဲ စင်မြင့်ထက်မှာ လူတစ်ဦး ဓားနဲ့ ဝင်ထိုးတာကို ခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီ ဓားကိုင်တိုက်ခိုက်သူဟာ အစိုးရက သူ့ကို မှားယွင်းထောင်ချပြီး နှိပ်စက်ညှင်းပန်းခဲ့တာကြောင့် ခုလို ကျူးလွန််တာလို့ အော်ဟစ်ပြောဆိုခဲ့ပါတယ်။ ၎င်းကို လုံခြုံရေးတွေက အလျင်အမြန် ဖမ်းချုပ်ပြီး ရဲက လာရောက်ဖမ်းဆီးသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly