မြိတ်တွင် မွေးရာပါ နှုတ်ခမ်းကွဲနှင့် အာခေါင်ကွဲ ကလေးငယ်များကို ဒုတိယအကြိမ် အခမဲ့ ခွဲစိတ်ကုသပေးနေ

မြိတ်တွင် မွေးရာပါ နှုတ်ခမ်းကွဲနှင့် အာခေါင်ကွဲ ကလေးငယ်များကို ဒုတိယအကြိမ် အခမဲ့ ခွဲစိတ်ကုသပေးနေ
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

မြိတ်၊ ဇန်နဝါရီ (၁၃) ။             ။ တနင်္သာရီတိုင်းအတွင်းရှိ ခရိုင် ၃ ခုမှ မွေးရာပါ နှုတ်ခမ်းကွဲနှင့် အာခေါင်ကွဲ ကလေးငယ်များကို မြိတ်မြို့ရှိ ဒက္ခိဏဒီပါဆေးရုံကြီး၌ အခမဲ့ခွဲစိတ်ကုမှုပေးနေကြောင်း သိရသည်။

အဆိုပါ ခွဲစိတ်မှုကို ဒက္ခိဏဒီပါ ဖောင်ဒေးရှင်နှင့် Alliance for Smiles non-profit organization တို့ပူးပေါင်း၍ ဇန်နဝါရီလ ၁၄ မှ ၂၄ ရက်နေ့ အထိ အထက်ပါဆေးရုံးကြီး၌ အခမဲ့ခွဲစိတ်ကုသပေးသွားမည် ဖြစ်ကြောင်း သိရ သည်။

“ အခု တစ်ကြိမ်ကတော့ ဒုတိယအကြိမ် ဖြစ်ပါတယ်။ ပထမအကြိမ်တုန်းကတော့ ၂၀၁၇ ခုနှစ်မှာ ဝေဒနာရှင် အယောက် ၇၀ ဦးကျော် ခွဲစိတ်ကုသ ပေးခဲ့ပါတယ်။ ဒီနှစ်ကတော့ စာရင်းအရက အယောက် ၈၀ ကျော် ရှိပါတယ်။ ဘယ်နှစ်ယောက် လာရောက် ခွဲစိတ်ကုသခံမလဲ ဆိုတာ မသိသေးပါဘူး”ဟု ဒက္ခိဏဒီပါဆေးရုံကြီး မှ လူထုဆက်ဆံရေးတာဝန်ခံ ဒေါ်ခိုင်သဥ္ဖာဝင်းက ပြောကြားသည်။

မွေးရာပါ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ဝေဒနာရှင်များကို တနင်္သာရီတိုင်း အတွင်းရှိ ဝေဒနာရှင်များကို အဓိကထား ခွဲစိတ်ကုသပေးခြင်းမျိုး မဟုတ်ကြောင်း၊ မြန်မာနိုင်ငံအနယ်နယ်အရပ်အရပ်မှ ဝေဒနာရှင်များလည်း လာရောက် ကုသပေးနိုင်ရန် စီစဉ်ထားပြီး၊ နယ်ဝေးမှ လာရောက်သူများကိုလည်း နေရာထိုင်ခင်းနှင့် စားသောက် စရိတ် အပြင် ခရီးစရိတ်များကို ကူညီထောက်ပံ့ပေးထားကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။

“အမေရိကမှ လာရောက်တဲ့ Alliance for Smiles non-profit organization အဖွဲ့မှ ကျွမ်းကျင် ခွဲစိတ် ဆရာဝန်ကြီးတွေက အခမဲ့ လာရောက် ကုသပေးတာ ဖြစ်ပါတယ်၊ ဒီနှစ်က ဒုတိယကြိမ် ဖြစ်တယ်”လို့ Rotary Club of Yangon ရဲ့ ဥက္ကဋ္ဌ ဒေါ်ဟေမာမောင်မောင်က ပြောဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required