သရက်ပြင် ကျေးရွာအနီး တပ်မတော်နှင့် AA တို့ လေးနာရီကြာ တိုက်ပွဲ ဖြစ်ပွား

သရက်ပြင် ကျေးရွာအနီး တပ်မတော်နှင့် AA တို့ လေးနာရီကြာ တိုက်ပွဲ ဖြစ်ပွား
ဓာတ်ပုံ - တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး

ရန်ကုန် ၊ ဇန်နဝါရီ ၁၄ ။           ။ ရခိုင်ပြည်နယ် ၊ ဘူးသီးတောင်မြို့နယ် အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသော  တပ်မတော် စစ်ကြောင်းနှင့် AA အဖွဲ့တို့သည် ဇန်နဝါရီလ ၁၃ ရက် မနက်ပိုင်းတွင် လေးနာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။

တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ဒေသခံ ပြည်သူ များ၏ အသက်အိုးအိိမ် စည်းစိမ်များအား ကာကွယ်စောင့်ရှောက်ရန်အတွက် နယ်မြေလုံခြုံရေး လုပ်ငန်း များအားဆောင်ရွက်နေစဉ် ဘူးသီးတောင်မြို့နယ် အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်မတော် စစ်ကြောင်းသည် ဇန်နဝါရီ ၁၃ ရက်၊ နံနက်ပိုင်းတွင် သရက်ပြင် ကျေးရွာ၏ အရှေ့ဘက် မီတာ ၁၃ဝဝ ခန့်အကွာ သို့ အရောက်၌ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးကို အနှောင့်အယှက်ပြုလျက်ရှိသည့် AA အဖွဲ့မှ အင်အား ၅ဝ ဦးခန့်နှင့်ထိတွေ့မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါထိတွေ့မှုဖြစ်စဉ်သည် ဇန်နဝါရီ ၁၃ ရက် နံနက် ၈ နာရီ ၃ဝခန့်မှ စတင်ခဲ့ပြီး နေ့လည် ၁၂နာရီခွဲအထိ ကြာမြင့်ခဲ့ကြောင်း AA အဖွဲ့သည် တောင်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်းလေးခုကို  ရက္ခိုင့််အဖွဲ့ (AA) မှ ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့တွင် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျောင်းတောင်ရဲစခန်း ၊ ငမြင်းဘော် ရဲကင်းစခန်း ၊ ဂုပ္ပီ ရဲကင်းစခန်း ၊ ခထီးလှ ရဲကင်းစခန်း တို့ကို ရက္ခိုင့်အဖွဲ့(AA) မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၁၃ဦး သေဆုံးကာ ၉ ဦးဒဏ်ရရှိခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly