ချန်ပီယံလိဂ်မျှော်လင့်ချက် အဆုံးမသတ်သေးဟု အာစင်ဝင်းဂါးပြော

ချန်ပီယံလိဂ်မျှော်လင့်ချက် အဆုံးမသတ်သေးဟု အာစင်ဝင်းဂါးပြော

စက်တင်ဘာ ၃၀၊ လန်ဒန် ။          ။ အိုလံပီယာကို့စ်ကိုရှုံနိမ့်ပြီးနောက် အုပ်စု (စ)၏အောက်ဆုံးတွင် ရပ်တည်နေသော်လည်း အာဆင်နယ်အသင်း ၁၆ သင်းအဆင့်သို့တက် ရောက်နိုင်ဆဲဖြစ်သည်ဟု နည်းပြအာစင်ဝင်းဂါးက ပြောဆိုလိုက်သည်။

အိမ်ကွင်းတွင် ၃-၂ ဖြင့်ရှုံးနိမ့်သော အာဆင်နယ်အသင်းမှာ ချန်ပီယံလိဂ်အုပ်စုအဆင့်နှစ်ပွဲဆက် ရှုံးနိမ့်ခြင်းဖြစ်ပြီး လာမည့်တစ်ပတ်တွင် ဘိုင်ယန်မြူးနစ်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

"အဲဒါက ကျွန်တော်တို့ကိုအခြေအနေဆိုးစေပေမယ့် ကျွန်တော်တို့အသက်ရှိနေတုန်းပါပဲ။ လာမယ့် ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာ ကျွန်တော်တို့ ရလဒ် တစ်ခုရမှာပါ"ဟု အာစင်ဝင်းဂါးက ပြောသည်။

အာဆင်နယ်အသင်းမှာ ဂရိကလပ် အိုလံပီယာကို့စ်ကို အိမ်ကွင်းတွင်လွှမ်းမိုးကစားနိုင်ခဲ့သော်လည်း အရေးနိမ့်ခဲ့ရပြီး အိုလံပီယာကို့စ်အသင်း မှာ အင်္ဂလန်မြေတွင်ပထမဆုံးအကြိမ် အနိုင်ရလဒ်ရရှိသွား ခဲ့သည်။

အာဆင်နယ်မှ ဝဲလ်ကော့တ်နှင့် ဆန်းချက်ဇ်တို့သည် ပါဒို၏အဖွင့်ဂိုးနှင့် အော့စပီနာ၏ကိုယ့်ဂိုးကိုယ်သွင်းသည့်ဂိုးတို့ကို ချေပနိုင်ခဲ့သော်လည်း ဒုတိယချေပဂိုးသွင်းပြီး ၅၉ စက္ကန့်အကြာမှာပင် ဖင်းဘော့ဂက်ဆင်၏ အနိုင်ဂိုးကို ခွင့်ပြုခဲ့ရသည်။

ယင်းမှာဥရောပပြိုင်ပွဲတွင် အဆိုးဆုံးရလဒ်လားဟု မေးမြန်းခံရသည့် အာစင်ဝင်းဂါးက "မဟုတ်ပါဘူး။ ၂၀၀၆ တုန်းကလို ဗိုလ်လုပွဲမှာရှုံးမှ ဒီမေးခွန်းကိုမေးပါ"ဟု ပြန်လည်ဖြေကြားခဲ့သည်။

ချန်ပီယံလိဂ်အုပ်စုအဆင့်ကို ၁၅ နှစ်ဆက်ကျော်ဖြတ်နိုင်ခဲ့သည့် အာဆင်နယ်အသင်းမှာ ၎င်းတို့၏သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်အဖွင့်ပွဲနှစ်ပွဲဆက် ရှုံးနိမ့်ခြင်းလည်းဖြစ်သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly