ဒီဂီယာဟာ မန်ယူအသင်းရဲ့ ထာဝရအကောင်းဆုံးဂိုးသမားဖြစ်လာနိုင်သူလို့ ဆိုးလ်ရှား ပြော

ဒီဂီယာဟာ မန်ယူအသင်းရဲ့ ထာဝရအကောင်းဆုံးဂိုးသမားဖြစ်လာနိုင်သူလို့ ဆိုးလ်ရှား ပြော
Photos: EPA

ဒေးဗစ် ဒီဂီယာဟာ မန်ယူနိုက်တက်ရဲ့ ထာဝရအကောင်းဆုံးဂိုးသမားဖြစ်လာနိုင်သူဖြစ်တယ်လို့ ယာယီနည်းပြ ဆိုးလ်ရှားက ပြောကြားခဲ့တယ်။

အသက် ၂၈ နှစ်ရှိ စပိန်ဂိုးသမားဟာ ဝင်ဘာလေကွင်းမှာ ယူနိုက်တက်က စပါးအသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ဂိုးပေါက်ကာကွယ်မှု ၁၁ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တဲ့ အံ့အားသင့်ဖွယ် စွမ်းဆောင်ရည်တွေကြောင့် အခုလို ဆိုးလ်ရှားက ဒီပွဲအပြီးမှာ သုံးသပ်ခဲ့တာဖြစ်ပါတယ်။

ဆိုးလ်ရှားဟာ အိုထရက်ဖို့ဒ်မှာ တိုက်စစ်မှူးတစ်ဦးအဖြစ် ၁၁ နှစ်ကြာကာလအတွင်း အသင်းဂန္တဝင်ဂိုးသမားဖြစ်တဲ့ ပီတာရှမိုက်ကယ်နဲ့ အက်ဒ်ဝင်ဗန်ဒါးဆားတို့နဲ့ ကစားခဲ့သူဖြစ်ပါတယ်။

“ဒီကလပ်မှာ ကျနော့်တို့ ကြီးကျယ်ခမ်းနားတဲ့ ဂိုးသမားတချို့ရှိခဲ့ပါတယ်။ ဒီဂီယာဟာ သမိုင်းရဲ့ နံပါတ်တစ်နေရာအတွက် ပီတာနဲ့ အက်ဒ်ဝင်တို့ကို စိန်ခေါ်နေပြီလို့ ကျနော် ထင်ပါတယ်။ သူဟာ မယုံကြည်နိုင်လောက်အောင်ပါပဲ။ ကျနော်တို့မှာ ဒီလိုဂိုးသမားကောင်းတွေကို ပိုင်ဆိုင်တာဟာ အစဉ်အလာတစ်ခုလိုဖြစ်နေပါပြီ။ သူဟာ တိုးတက်ပြီး တိုးတက်နေသူပါ။ သူဟာ ဒီကနေ့ ဒီပွဲရဲ့ အကောင်းဆုံးကစားသမားဆုနဲ့ ထိုက်တန်သူပါ။”လို့ ဆိုးလ်ရှားက ပြောဆိုခဲ့ပါတယ်။

ဒီဂီယာရဲ့ စုစုပေါင်း ၁၁ ကြိမ် ဂိုးပေါက်ကာကွယ်မှုဟာ ပရီးမီးယာလိဂ်ပွဲစဉ်တစ်ခုအတွင်း သူ့ရဲ့ အမြင့်ဆုံးကာကွယ်မှုဖြစ်ပြီး ပေးဂိုးမရှိပွဲ ရယူနိုင်ခဲ့သလို ဆိုးလ်ရှားလက်ထက် မန်ယူအသင်း ၆ ပွဲဆက် နိုင်ပွဲရအောင် ကူညီပေးခဲ့တာလည်းဖြစ်ပါတယ်။

စပိန်လက်ရွေးစင်ဂိုးသမားဟာ ၂၀၁၁ ခုနှစ်က အက်သလက်တီကိုကနေ မန်ယူအသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီ ၅ ရာသီရဲ့ ၄ ရာသီမှာ ကလပ်အသင်းရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဖြစ်ခဲ့ပါတယ်။

မန်ယူအသင်းဟာ ဒီပွဲအနိုင်ရမှုကြောင့် အာဆင်နယ်နဲ့ ရမှတ်တူ ၄၁ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၆ မှာ ရပ်နေပြီး စပါးအသင်းနဲ့မူ ၇ မှတ် ကွာဟလျက်ရှိပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly