မန်းရွှေစက်တော်ဘုရားပွဲတွင် ယာဉ်ရပ်နားခ ကောက်ခံသည့်စနစ်ကို ဖျက်သိမ်းမည်

မန်းရွှေစက်တော်ဘုရားပွဲတွင် ယာဉ်ရပ်နားခ ကောက်ခံသည့်စနစ်ကို ဖျက်သိမ်းမည်

မကွေး၊ ဇန်နဝါရီ ၁၃ ။              ။ မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် လာမည့် ဖေဖော်ဝါရီလတွင် ကျင်းပမည့် မန်းရွှေစက်တော် ဘုရားပွဲတော်ကာလတွင် ယာဉ်ရပ်နားခကောက်ခံသည့်စနစ်ကို ဖျက်သိမ်းမည်ဖြစ်ကြောင်း ရွှေစက်တော်ဘုရားပွဲတော်လုပ်ငန်းကော်မတီဥက္ကဋ္ဌ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးထံက သိရသည်။

“ ဒီနှစ်က ကားရပ်နားကွင်း လေလံ မပါတော့ဘူး။ ယာဉ်ရပ်နားခွင့်လည်း မကောက်တော့ဘူး၊ အရင်နှစ်တွေက ကားရပ်နားကွင်း လေလံအောင်သူတွေက ဘုရားအဝင်မှာ မောင်းတံနဲ့ တားပြီး ယာဉ်ရပ်နားခ ကောက်ခံခဲ့တဲ့ အတွက် ဘုရားဖူးလာပြည်သူတွေ စိတ်မချမ်းသာဖြစ်ခဲ့ရတယ်၊ ယာဉ်ရပ်နားခကောက်ခံတဲ့အတွက် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်၊ ဒီနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းညွှန်ပံ့ပိုးမှုနဲ့ အတူ ယာဉ်ရပ်နားခ ကောက်ခံတဲ့စနစ်ကို ဖျက်သိမ်းခဲ့ပါတယ်” ဟု  ဦးစန်းဌေးက ပြောသည်။

“ ဒါအပြင် ပွဲတော်ကာလမှာ ယာဉ်ကြော မပိတ်ဆို့ဖို့တော့ တစ်လမ်းမောင်းစနစ် လုပ်နေပါတယ်။ အောက် စက်တော်ရာနားကနေ အထူးတံတားအထိ ယာဉ်တွေကိုတော့ လာရာလမ်းအတိုင်း ပြန်သွားခွင့်ပေးပြီးတော့ အထူးတံတားကျော်ပြီးတော့ အထက်ဖက် နမ္မဒါတို့အပိုင်း ငဖဲလမ်းမကနေ ညာဘက်ကွေ့ပြီး ဘုရားရွာဖက် ဘုရားပွဲတော် နောက်ကျောလမ်းကနေ ပတ်လမ် း ဖောက်ပေးထားတယ်။ အဲဒီဘက်ကနေ ထွက်ရမယ်။ ယာဉ်တွေကို အပ်နှံခမကောက်တော့ဘဲ ထိန်းသိမ်း စောင့်ရှောက်ဖို့ အတွက် စီမံပေးသွားမယ်။ တည်းခိုဆောင် တွေရှေ့မှာလည်း ယာဉ် (၂)စီးကနေ (၃)စီးအထိပဲ သင့်တော်သလို ခွင့်ပြုပေးထားမယ်” ဟု ဦးစန်းဌေးက ဆိုသည်။

ထို့အပြင် မန်းရွှေစက်တော်ဘုရားသို့ လာရောက်သည့် ၃ မိုင်လမ်းနှင့် ၈ မိုင် လမ်းပိုင်းများကိုလည်း ဘုရားဖူးယာဉ်များ သွားလာချောမွေ့စေရေးအတွက် လမ်းပိုင်းများကို ပြုပြင်ခြင်း၊လိုအပ်သည့်နေရာများတွင် တိုးချဲ့ဖောက်လုပ်ခြင်းများကို ပွဲတော်ကာလအမီ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ဘုရားပွဲတော်ကာလတွင် ဘုရားဖူးပြည်သူများနှင့် လုပ်ငန်းရှင်များ စိတ်အနှာက်အယှက် မရှိစေရန်အတွက် တင်ဒါလေလံစနစ် အပါအဝင် စည်းမျဉ်းစည်းကမ်းအချို့ကို ၂၀၁၉ ခုနှစ်တွင် ပြောင်းလဲ လိုက်ခြင်းဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားပွဲတော်ကျင်းပရေး ဦးစီးကော်မတီဥက္ကဌ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းဦးက ဒေသခံ သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ်က ပြောထားသည်။

“ မနှစ်က ကားကြီးကွင်းလေလံရရှိသူတွေက ယာဉ်အပ်နှံကြေးရအောင် ဘုရားပွဲတော် အဝင်ပေါက်မှာ ဂိတ်တွေ ထားပြီး ငွေကောက်ခံမှုရှိလို့ ဘုရားဖူးပြည်သူတွေ စိတ်အနှောက်အယှက် ဖြစ်ခဲ့ကြတာကြောင့် ဒီနှစ် ကားကြီးကွင်း (၂) ကွင်း အတွက် လေလံမခေါ်တော့ဘူး။ ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ရအောင် တစ်လမ်းမောင်း စနစ်နဲ့ ဆောင်ရွက်လုပ်ဆောင်နေပါတယ်” ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းဦးက ပြောသည်။

မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးကို တစ်နှစ်ထက်တစ်နှစ် စနစ်တကျစည်းကမ်းရှိရှိ အောင်မြင်စွာ ကျင်းပနိုင် ရေး အတွက် ထိန်းသိမ်း ကြပ်မတ်မှုအပိုင်းကို အနီးကပ်ဖိဖိစီးစီးနှင့် ဆောင်ရွက်နိုင်ရန် ဂေါပကအဖွဲ့များကို အသစ် ပြန်လည်ဖွဲ့စည်းခဲ့ပြီး ဂေါပကအဖွဲ့ကို အနီးကပ်ကြီးကြပ်ဖို့အတွက် လုပ်ငန်းကော်မတီကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြင်ဆင်ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။

လုပ်ငန်းကော်မတီဥက္ကဋ္ဌ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေး၊ အတွင်းရေးမှူး မင်းဘူးခရိုင် ရဲတပ်ဖွဲ့မှူးဒုတိယ ရဲမှူးကြီး ဝင်းမောင်၊ တွဲဖက်အတွင်းရေးမှူး ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိန်းနဲ့ အဖွဲ့ဝင် ၁၅ ဦးပါအဖွဲ့က တာဝန်ယူကြီးကြပ် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဗိုလ်မှူးကြီး မင်းဦးက ပြောသည်။

မန်းရွှေစက်တော်ဘုရားပွဲတော်အား ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ဧပြီလ ၁၇ ရက်နေ့ အထိ ရက်ပေါင်း ၇၀ ခန့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly